ဘွဲတံဆိပ်တော် အဓိပ္ပါယ်ဖော်အပိုင်း(၁)

ဗုဒ္ဓခေတ် ဘွဲ့ထူးများ

မြတ်ဗုဒ္ဓသည် အနာဂါတ်သာသနာတော်အရေး အရှည်မြော်တွေးတော်မူလျက် ဘိက္ခု၊ ဘိက္ခုနီ၊ဥပါသကာ၊ ဥပါသိကာဟူသော ပရိသတ်လေးမျိုးအနက် သာသနာအကျိုး ထူးချွန်စွာ ဆောင်ရွက်နိုင်စွမ်းရှိသော ပုဂ္ဂိုလ်တို့အား အရာအလျောက် ဧတဒဂ်ဘွဲ့ထူးကို ကိုယ်တော်တိုင်ချီးမြှင့်တော်မူခဲ့ပါသည်။             
ဘိက္ခုတို့တွင် ပညာအရာ၌အထူးအချွန်ဆုံး အရှင်သာရိပုတ္တရာအား ပညာဧတဒဂ်ဘွဲ့ထူး၊ ဘိက္ခုနီတို့တွင် ပညာအရပ်၌ အထူးချွှန်ဆုံး အရှင်မခေမာထေရီအား ပညာဧတဒဂ်ဘွဲ့ထူး၊ ဥပါသကာတို့တွင် ဒါနအရာ၌် အသာလွန်ဆုံး အနာထပိဏ်သူဌေးကြီးအား ဒါယကာဧတဒဂ်ဘွဲ့ထူး၊ ဥပါသိကာတွင် ဒါနအရာ၌ အသာလွန်ဆုံး ဝိသာခါသူဌေးမကြီးအား ဒါယိကာဧတဒဂ် ဘွဲ့ထူးစသည်ဖြင့် ဘိက္ခု(၄၃)ပါး၊ဘိက္ခုနီ(၁၃)၊ ဥပါသကာ(၁၀)ဦးနှင့်ဥပါသိကာ(၁၀)ဦးတို့အား  ဘုရားရှင် ကိုယ်တော်တိုင် ဧတဒဂ်ဘွဲ့ထူးကို ချီးမြှင့်တော်မူကြောင်း အင်္ဂုတ္တရပါဠိတော်၌် မော်ကွန်း တင်ထားပါတယ်။
အပိုင်း(၂)ဆက်လက်တင်ပြသွားပါမည်။(မင်းလှသားလေး)

သီတဂူအလှူတော်အပိုင်း(၃)

မွေးနေ့အကြို မင်္ဂလာပွဲ (အပိုင်း-၃)



တတိမြောက်နေ့

ဒီနေ့ဆိုရင် မွေးနေ့ပွဲအကြိုမင်္ဂလာသည် တတိယမြောက်နေ့ ဖြစ်ပါသည်။ ရောက်လာတဲ့ ပရိသတ်က အရင်ရက်ကထက် ပိုများလာသည်။ ဘွဲ့နှင်းသဘင်အတွင်းဝန်း ပတ်ပတ်လည်မှာ ကိုယ့်အုပ်စုနဲ့ကိုယ် နေရာယူထားပြီး သံဃာ ၁၂၀၀ တို့အား လောင်းလှူနေကြသည်မှာလည်း မျက်ရည်ကျသည့် ၀မ်းသာ ပီတိဖြစ်မိသည်။

ရှေးဦးစွာ သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (စစ်ကိုင်း) (ရန်ကုန်) (မန္တလေး) ရှိ သံဃာများကို အစဉ်အတိုင်း ပင့်ခေါ်ပြီး လောင်းလှူစေသည်၊ စောစောအလှူခံပြီးသော ဗုဒ္ဓတက္ကသိုလ် သံဃာများက ထိုလောင်းလှူရာနေရာများ၌ လုပ်အားပေးကြရသည်။

စာရေးသူ ရလိုက်တဲ့ လှူရန်ပစ္စည်းများမှာ အလှူငွေ ၂၀၀၀၀ (နှစ်သောင်း) ကျော်နှင့် ဆေးပစ္စည်းများ၊ ကျောင်းသုံးပစ္စည်းများ၊ သင်္ကန်း၊ တဘက်၊ ဆပ်ပြာအမွှေးအမျိုးစုံ၊ ဆပ်ပြာမှုံ့အမျိုးစုံ၊ ဆန်၊ ငရုပ်၊ ငါးပိနှင့် စားစရာအမျိုးမျိုး စသော မရေတွက်နိုင်တဲ့ ပစ္စည်းများပင် ဖြစ်သည်။ သံဃာ ၁၂၀၀ တို့အား အရုဏ်အတွက် ခေါက်ဆွဲနှင့် နေ့လည်စာအတွက် ဆွမ်းဟင်းအမျိုးစုံတို့ကို တပြိုင်တည်း လှူလိုက်သည်။ ကြွရောက်လာကြသော ရပ်ဝေး ရပ်နီး အရက်လေးမျက်နှာမှ ဓမ္မမိတ်ဆွေအပေါင်းတို့အား ဘိုကလေးမြို့ သီတဂူတပည့်များက ဗူးသီးကြော်များဖြင့် ကျွေးမွေးဧည့်ခံသည်။
မနက်စော သံဃာ ၁၂၀၀ ဆွမ်းလောင်လှူပွဲ
ဘွဲ့နှင်းသဘင်ခမ်းမဆာင် ပရ၀ုဏ်အတွင်း ပတ်ပတ်လည်မှာ အလှူများက လောင်းလှူကြစဉ်
မန္တလေးသီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် ကျောင်းအမကြီး ဒေါ်ညွှန့်ညွှန့်အေးတို့အဖွဲ့က သရီးရိုင်ဖယ်၊ မာတင်သင်္ကန်းများ
သီတဂူလင်္ကာဒီပကျောင်းဆောင် ကျောင်းအမကြီး ဒေါ်ယင်ထွေးက န၀ကမ္မများ လောင်းလှူနေစဉ်
လင်္ကာဒီပကျောင်းအမသမီးနှင့် သီတဂူကပ္ပိယအဖွဲ့ဝင် သီတဂူကျောင်းအမ ဒေါ်ခင်သိန်းကလဲ န၀ကမ္မများ လောင်းလှူ
မောရိယမိသားစုက မောရိယဆေးများ လောင်းလှူစဉ်
ကျောင်းအမလေး မ၀င်းဝင်းကလဲ သင်္ကန်းများ လောင်းလှူနေစဉ်

သဒ္ဓါပွားရ

လောင်းလှူလိုက်သည့် ကာလတံဖိုးမှာ သိန်း ၉၀၀ (သိန်းကိုးရာ) ၀န်းကျင်ရှိမည်ဟု ခန့်မှန်းရသည်။ တစ်ပါးလျှင် ၂၀၀၀၀ (နှစ်သောင်းကျပ်) သံဃာ ၁၂၀၀ ဆိုရင် သိန်း ၂၂၀ (နှစ်ရာ့နှစ်ဆယ်) ရှိနေပြီ။ သင်္ကန်းဒွိစုံ တစ်စုံတန်ဖိုးသည် ၁၅၀၀၀ ဆိုရင် သိန်း ၁၅၀ ကျော်နေပြီ။ သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် လင်္ကာဒီပဆောင်ကျောင်းအမကြီး သံဃာအားလုံး တစ်ပါးလျင် ၁၀၀၀ ကျပ်စီအပြင် တက္ကသိုလ်သံဃာများအား ၅၀၀၀ တန်တစ်ရွက်စီပါ လှူလိုက်သေးသည်။ စာရေးသူ မှတ်မိသည်မှာ သီတဂူကျောင်းအမများစုက ၁၀၀၀ တန်တွေ လောင်းလှူကြတာ များပါသည်။ မန္တလေး သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် ကျောင်းအမကြီး ဒေါ်ညွှန့်ညွှန့်အေးနှင့်အဖွဲ့က မာတင်ဘိုမ သင်္ကန်းတွေ လောင်းလှူနေတာကိုလည်း တွေ့ရသည်။ မန္တလေးကျောင်းအမဖွဲ့က သပိတ်များ လောင်းလှူကြသည်။ ကျောင်းအမ ဒေါ်ခင်သိန်းနှင့် လှဆန်းယဉ်တို့မိသားစုအဖွဲ့လည်း အလှူငွေ ၁၀၀၀ တန်တွေ လောင်းလှူနေတာကို တွေ့ရသည်။ စာရေးသူ မရင်းနှီးသေးသော သီတဂူ အဖွဲ့များစွာတို့ကလည်း မိမိတို့ဒေသထွက်ကုန်များ၊ ကိုယ်နိုင်ရာကို လှူဒါန်းနေသည်မှာလည်း ဘုရားလက်ထက်တော်အခါက အနာထပိဏ် ၀ိသာခါတို့အိမ် သံဃာ ထောင်နှင့်ချီ၊ ရာနှင့်ချီပြီး ဆွမ်းခံကြွနေသည့်အလား ကြည်ညိုသဒ္ဓါပွားရပါသည်။
အုပ်အုပ်သဲသဲ နောက်ဆုံးနေ့ စိန်ဖူးတော် တင်ပွဲနှင့် ငှက်မျက်နားတော် တင်ပွဲ
စာရေးသူတို့ Toefl ဆရာမလေး Venassa အမေရိကန်သူလေးလဲ လက်အုပ်ချီ ကြည်ညိုနေစဉ်

စိန်ဖူးတော်တင်ပွဲ

ဒီကနေ့ မဟာစည်းခုံစေတီတော်ကြီး၏ နောက်ဆုံးနေ့ အခမ်းအနားအစီအစဉ်အရ န၀ရတ် ကိုးသွယ် စီခြယ်ထားသော ငှက်မျက်နားတော်နှင့် န၀ရတ်ပါး လွှမ်းခြုံထားသော စိန်ဖူးတော် တင်လှူပွဲဖြစ်သည်။ ထီးအလှူရှင်၊ စိန်ဖူးတော်အလှူရှင်နှင့် ငှက်မျက်နားတော် အလှူရှင်တို့၏ အမည်နာမများ မမှတ်မိသဖြင့် ခွင့်လွတ်ပါရန်လည်း တစ်ဆက်တည်း မေတ္တာရပ်ပါသည်။ အစိုးရလူကြီးများဖြစ်ကြသော ဗိုလ်ချုပ်ကြီးတင်အေး၊ စစ်ကိုင်းတိုင်းဒေသကြီး ၀န်ကြီးချုပ် သာအေး၊ ၀န်ကြီးဗိုလ်ချုပ်ကြီးမြင့်ဆွေနှင့် သာသနာရေးဝန်ကြီး ၄ ဦး၊ တိုင်းမှူစသော စစ်ဗိုလ်ချုပ်ကြီး ၄ ဦးတို့နှင့် မိသားစုများလည်း တက်ရောက် ကြည်ညိုကြသည်ကို တွေ့ရသည်။ စိန်ဖူးတော်နှင့် ငှက်မျက်နားတော်များကို ထိုဝန်ကြီးများနှင့် ဗိုလ်ချုပ်ကြီးများက စေတီတော်ကြီး တစ်ပတ်လည် ပင့်ဆောင်ပြီး လှည့်လည်အပူဇော်ခံသည်။

ဌာပနာတိုက်ထဲမှာ ရတနာမျိုးစုံတို့ဖြင့် ထည့်သွင်းပူဇော်ထားသည်။ စိန်ဖူးတော်တင်လှူအပြီး ရေစက်ချအခမ်းအနားမှာ သီတဂူဆရာတော်ကြီးက ‘‘ပုပ်သိုးနေတဲ့ ခန္ဓာကိုယ်ကြီးကို တံဆာဆင်မည့်အစား လောကထွဋ်တင် ဘုရားမြတ်ရတနာအား ရတနာတို့ဖြင့် တံဆာဆင် ပူဇော်ကြကုန်လေ၊ ပုပ်သိုးနေတဲ့ခန္ဓာကြီးကို တံဆာဆင်ခြင်းဖြင့် ဘာအကျိုးရှိအံ့နည်း’’ ဟု မိန့်ကြားသောအခါ သူဌေးကော သူကြွယ်ရော သူဆင်းရဲပါမကျန် မိမိတို့ နား,လက်,လယ်ပင်, ခေါင်းတို့မှာ ရွှေရတနာ ကျောက်မျက်ရတနာ တံဆာများကို ချွတ်လှူနေတာကို မြင်ရတော့ ပီတိမျက်ရည်များပင် ကျမိသည်။

သီတဂူကျောင်းဒကာ ကျောင်းအမများရဲ့ သိန်းပေါင်း ရာဂဏန်းရှိ ရွှေမိုး ငွေမိုးများကလည်း တ၀ုန်းဝုန်းနဲ့ အုပ်အုပ်သဲသဲရှိ၏။ အောင်စည်အောင်မောင်းသံတို့ဖြင့် ဇေယျာတစ်ခွင် လွှမ်းခြုံလျက်ရှိသည်။
ဟောပြောပွဲသို့ ကြွရောက် နာယူကြသော အရှင်မြတ်များ

နေ့လည်ပိုင်း

နေ့ပိုင်းအစီးအစဉ်ကတော့ မနေ့ကလိုပဲ ဟောပြောပွဲကို တမ္ပ၀တီ ဦးဝင်းမောင်က ဘုရားစေတီပုထိုး အဆင့်ဆင့် ပေါ်ပေါက် ပြောင်းလဲလာပုံတို့ကို တင်ပြဆွေးနေသွားသည်။ အင်ဒိုနီးရှားနိုင်ငံရှိ ဗောဓောဗုဓောဘုရား သမိုင်းကိုတော့ သြစတေးလျှနိုင်ငံမှ တိဘက်စုလက်ဘာက ဆွေးနွေးတင်ပြသွားသည်။ သီတဂူဆရာတော်ကြီးကလည်း ၀င်ရောက် ဆွေးနွေးသွားသည်။ ထိုနေ့က ညနေ ၆ နာကျော်မှ ပြီးသွားသည်။ စာရေးသူတော့ ဒီနေ့ဟောပြောပွဲ မတက်နိုင်ခဲ့။ တက္ကသိုလ်အဆောင်အားလုံး ဧည့်သည်များဖြင့် ပြည့်နေသည်ဖြစ်၍ စာရေးသူတို့ နေရာတွေပါ ဖယ်ပေးလိုက်ရသည်။ ထိုနေ့ ဧည့်သည်များအတွက် နေရာရွှေ့ပေးနေရသဖြင့် ဟောပြောပွဲသို့ မတက်ရောက်နိုင်ခဲ့။

ညပိုင်း

ညပိုင်းမှာတော့ ဖျော်ဖြေရေးကဏ္ဍပဲဖြစ်သည်၊ ဇေယျာကွက်သစ် အားကစားကွင်းမှာ မြို့မတေးဂီတအဖွဲ့နှင့် သီတဂူဂီတဉ္စလီအဖွဲ့တို့က သီဆိုဖျော်ဖြေကြသည်။

မွေးနေ့ပွဲရက် တပေါင်းလပြည့်နေ့ အပိုင်း (၄) ဆက်လက်ဖော်ပြသွားပါမည်။

ရွှင်လန်းချမ်းမြေ့ပါစေ
သီတဂူစတား
၂၉-၃-၂၀၁၁
               အလှူတော်အပိုင်းလေးကိုသီတဂူအဖွဲ့ကြိးနှင့်အတူသာဓုခေါ်ပါစို့။                                 
   မရှိလို့မလှူ မလှူမလို့ မရှိတဲ့တဲ့အထဲကလှူသလို မိမိတတ်စွမ်းသမျှငွေကြေးလေးနဲ့လှူဒါန်းကြပါစို့။
           ကိုယ်စိတ်နှဖြာကျန်းမာချမ်းသာကြပါစေ။(မင်းလှသားလေး)

မိဘဂုဏ်ရည်(၁၂)ပါး


မြတ်စွာဘုရား ဟောကြားတော်မူခဲ့သော သောဏနန္ဒဇာတ်လာ မိဘဂုဏ်(၁၂)ပါး။

၁။ မိဘဆိုတာကိုးကွယ်ရာ ဗြဟ္မာဖြစ်တော့သည်။

၂။ သွန်သင်ပြသ ဆိုဆုံးမ မိဘ ဆရာ ဖြစ်တော့သည်။

၃။ အလှူခံ ပုဂ္ဂိုလ် မိဘဆို လှူကို လှူရမည်။

၎။ အိမ်စောင့် အိမ်ဦး နတ်မြတ်ထူး အထူးပူဇော်မည်။

၅။ ခြင်ဆီရိုးထဲ လွန်စွာကဲ ချစ်လည်းချစ်ကြသည်။

၆။ မွေးဖွားပို့ဆောင် ဤလူ့ဘောင် ဂုဏ်ရောင်လင်းစေသည်။

၇။ နို့ချို တိုက်ကျွေး မွေးမြူပေး အလေးထားရမည်။

၈။ ယုယ ကြင်နာ ပိုးပမာ မွေးရှာခဲ့ကြသည်။

၉။ ပူပန်ကြီးစွာ စောင့်ရှောက်ကာ ကာကွယ်ပေးကြသည်။

၁၀။ လောကအကြောင်း လူ့အကြောင်း ကောင်းကောင်းညွှန်ပြသည်။

၁၁။ ယုယပိုက်ထွေး ချော့မြှူပေး နွေးထွေး ကြင်နာသည်။

၁၂။ ရတဲ့ ဥစ္စာ သားသမီးဖို့ပါ ဖွေရှာ ထိန်းသိမ်းသည်။






မိဘတို့သည် သားသမီးအပေါ်တွင် မည်မျှကောင်းကြောင်းကို ထင်ရှားစေသော စာသားများဖြစ်သည်။ အချို့ သောသားသမီးတို့သည် မိဘကိုပစ်ပယ်၍ ဘိုးဘွားရိပ်သာသို့ ပို့ထားကြသည်။ အချို့သော သားသမီးများက မိဘတို့ကို စော်ကားကြသည်၊ ထိုသို့သာ သားသမီးများက မိဘကိုစော်ကားနေလျှင် ငရဲရောက်မည်မှာ ဧကန် ပင်ဖြစ်သည်။ ထိုသို့ မဖြစ်ရလေအောင် လူတိုင်းသိရှိပြီး လိုက်နာနိုင်ရန်ရေးသားလိုက်ရပါသည်။ အထက်ပါ စာသားများ၏ အကျယ်ရှင်းလင်းချက်မှာ..


၁။ သားသမီးအပေါ်တွင် ထာဝစဉ်မေတ္တာထားသောကြောင့် ဗြဟ္မာဖြစ်ပါသည်။

၂။ ငယ်စဉ်ကတည်းက ဒီလိုစား၊ဒီလိုသွား၊ဒီလိုနေ ဟူ၍ သင်ကြားပြသ ပေးသောကြောင့် လက်ဦးဆရာ ဖြစ်သည်။

၃။ မိဘသည် ရပ်ဝေးတွင် စီးပွားရှာ၍ သားသမီးကိုကျွေးမွေးသည်။ သားသမီးကလည်း ထိုသို့ ပြန်လည် လုပ်ကျွေး ထိုက်သော အာဟုနေယျပုဂ္ဂိုလ်ဖြစ်သည်။

၎။ သားသမီး ရှာဖွေသည်ကို မပျောက်ပျက်အောင် တိုးတက်အောင် စောင့်ရှောက်ပေးသော ပုဗ္ပဒေဝတာ ဖြစ် သည်။

၅။ သားသမီးမမွေးခင် ကတည်းက ကြိုတင်ချစ်ခင်လွန်းသောကြောင့် သုဟဒဟုမည်သည်။

၆။ လူဖြစ်အောင် မွေးဖွားပေးခဲ့သော မိခင်၏ ဂုဏ်ကို ဇနေတ္ထိ ဟုခေါ်သည်။

၇။ နို့ချိုတိုက်ကျွေးခဲ့သော မိခင်၏ ဂုဏ်ကို ပေါသက ဟုခေါ်သည်။

၈။ ယုယကြင်နာစွာ မွေးဖွားပေးခဲ့သော မိခင်၏ဂုဏ်ကို ပေါသေန္တ ဟုခေါ်သည်။

၉။ အမြဲတစဉ် စောင့်ရှောက်နေတတ်သောကြောင့် အာပါဒက ဟုမည်သည်။

၁၀။ လူအကြောင်း၊လောကအကြောင်းကိုမိဘများ သိသမျှ သားသမီးများသိရအောင် ပြောပြသောကြောင့် ဒေဿတာရ ဟုခေါ်သည်။

၁၁။ သားသမီးများကို ချော့ပြော၊နားဝင်အောင် ပြောသောကြောင့် တောသယန္တိ ဂုဏ်မည်သည်။

၁၂။ ကိုယ်သုံးဖို့ ရှာထားသောပစ္စည်းကို ကိုယ် ကိုယ်တိုင်မသုံးရက် ၊မစားရက်အောင် သားသမီး အတွက် ချန်ထားသောကြောင့် ရသောဂုဏ်ကို ဂေါပယန္တိ ဟုခေါ်သည်။                           
    ဒီစာသားလေးရှာတာကြာပါပြီဗျာhttp://nyanablogspotcom.blogspot.com/အဲလင့်လေး
ကကူးယူဖော်ပြထားပါတယ်ဗျာ။ 
       မိဘကျေးဇူးမြင့်မိုရ်ဦးကိုဆပ်ဖူးနိုင်ကြပါစေ။(မင်းလှသားလေး) 
 

သီတဂူအလှူတော်အပိုင်း(၂)

မွေးနေ့အကြိုမင်္ဂလာ ဒုတိယနေ့



၁၇-၃-၂၀၁၁ ရက်နေ့ ဆရာတော်ကြီး၏ မွေးနေ့မင်္ဂလာပွဲ ဒုတိယနေ့အဖြစ် မနက်စောစော သီလရှင်ဆရာလေး ၁၀၀၀ တို့အား အ၀တ်အစားများ၊ အနယ်နယ်အရပ်ရပ်ရှိ သီတဂူ အထောက်ကူပြုအဖွဲ့များက မိမိတို့ဒေသထွက် အစားအစာများ၊ ငါးပိ သရက်သီးသနှပ်၊ ငရုပ်မုံ့၊ ကုလားပဲ၊ ပဲကြော် စသည်စသည်များကို လောင်းလှူကြသည်။ 

နံနက်စာ

မနက်မိုးလင်း ၄ နာရီတိတိမှာ သီတဂူ စည်တော်ကြီးက သံစဉ်များပေးကာ ‘‘လှူရန်တန်းရန် အချိန်ကျပြီဖြစ်ပါ၍ အိပ်ယာမှ ထတော်မူကြပါ အို--သပ္ပုရိသအပေါင်းတို့’’ဟု အချက်ပေးနေသည့်အလား ကြည်းနူးရသည်။ အချက်ပေးတာနဲ့ သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် မုဉ်ဝမှာ အရွယ်စုံသီလရှင်များ၊ အလှူရှင်များနှင့် လုပ်အားပေးရန်ကြွရောက်လာကြသော သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် သံဃာများ စုရုံးရောက်လာကြသည်။
သီလရှင် ဆရာလေးများအား နံနက်စာ မုံ့ဟင်းခါးနှင့် အကြော်အမျိုးစုံ ကပ်
ကျောင်းအမကြီး ဒေါ်ညွှန့်ညွှန့်အေး က သရပ်သီးသနပ်ဗူးများ လောင်းလှူ
သိမ်တော်ကြီးအတွင်း သီလရှင်ဆရာလေးများ အလှူခံရန် တန်းစီကြွ
သီတဂူကပ္ပိယအဖွဲ့ကလည်း သနပ်သီးသနပ်များ လောင်းလှူ
သီတဂူကျောင်းအမများက အလှူငွေများ တန်းပေါက်လောင်းလှူစဉ်

ပင့်၍ကြွလာကြသော သီလရှင်ဆရာလေး ၁၀၀၀ တို့အား နံနက်စာ မုံ့ဟင်းခါးတို့ဖြင့် ဧည့်ခံကျွေးမွေးသည်၊ မှ သီတဂူဒကာဒကာမများက အကြော်အမျိုးစုံတို့ဖြင့် ပင့်သံဃာများနှင့် သီလရှင် ၁၀၀၀ တို့အား လှူဒါန်းကျွေးမွေးသည်။ နံက်စာစားပြီးသော ပင့်သီလရှင် ၁၀၀၀ တို့က မဟာဘွဲ့နှင်းသဘင်ခန်းမဆောင် ပရ၀ုဏ်အတွင်းမှ အလှူအရှင် အသီးသီးတို့က လောင်းလှူသော လှူဖွယ်များကို တန်းစီအလှူခံကြသည်၊ အလှူရှင်တွေများနေသဖြင့် နာမည်များ အတိအကျ မဖော်ပြနိုင်ပေမဲ့ ရင်းနှီးသော မန္တလေးသီတဂူ ကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် ကျောင်းအမ ဒေါ်ညွှန့်ညွှန့်အေးက အ၀တ်စုံ ၁၀၀၀ လောင်းလှူသည်ကိုတော့ တွေ့ရပါသည်။ သီလရှင် ၁၀၀၀ တို့အား အပါးစေ့ ထောင်တန်ကျပ်များ လောင်းလှူနေကြသော ကျောင်းအမ ဒေါ်ယဉ်ထွေး၊ လှဆန်းယဉ်မိသားစု သီတဂူကျောင်းအမများကိုလည်း တွေ့ရသည်။
သီတဂူဂီတဉ္စလီ ရီရီသန့် စိမ်းလဲ့လဲ့ ရဲ့ သဒ္ဒဒါန အသံအလှူပေးစဉ်
သီတဂူကျောင်းအမများက ဆရာလေးများအတွက် ၀ိုင်းဝန်း အလှူခံပေးစဉ်
သီတဂူ လင်္ကာဒီပကျောင်းအမများကလဲ လုပ်အားဒါနပြုစဉ်
သီတဂူအထောက်ကူအပြုအဖွဲ့များကလည်း လုပ်အားဒါန ပါဝင်ကြစဉ်


ဝိုင်းဝန်းကူညီ

လှူဖွယ်ပစ္စည်းများသည် အလွန်များပြားနေရကား သီတဂူအထောက်ကူပြုအဖွဲ့ အမျိုးသား အမျိုးသမီးလေးများက အိတ်များကိုင်ဆောင်ကာ ၀ိုင်းဝန်း အလှူခံပေးကြသည်မှာလည်း ကြည်းနူးစရာပင်။ နိုင်ငံကျော် မြန်မာသံစဉ် အဆိုတော် ရန်ပိုင်စိုး၊ ရီရီသန့်၊ နှင်းရီသန့်နှင့် စိမ်းလဲ့လဲ့တို့ ဦးဆောင်သော သီတဂူဂီတဉ္စလီအဖွဲ့ရဲ့ ဓမ္မတေးများနှင့် တေးထပ်များကလည်း မြိုင်ဆိုင်လှသည်။ နာမည်ကျော် စစ်ကိုင်းမိုးဇာဗျောရဲ့ ရိုက်ချက်ကလည်း ကြွကြွရွရွ ရှိလှသည်။

မနက်စာ ဘုန်းပေးပြီး ရန်ကုန် သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်ကျောင်းသား ၁၀၀ တို့က ကျန်ရှိနေသေးသော ထီးတော်များကို မဟာစည်းခုံစေတီတော်ကြီးအား ဆက်လက်တင်လှူရန် သွားကြရသည်။

နေ့လည်ပိုင်း

နေ့လည်ပိုင်းမှာလည်း အချိန်အအားမရှိရလေအောင် ဟောပြောပွဲများပါ စီမံပေးထားသည်။ နေ့လည် ၂ နာရီမှ ၅-၃၀ အထိ ဒေါက်တာ ခင်မောင်ညွှန့်က စစ်ကိုင်းတောင် နောက်ခံသမိုင်းနှင့် ခရစ်ယန်ဘုန်းတော်ကြီး ဒေါက်တာ ဖာသားမာကုတင်ဝင်းက ခရစ်ယန်ဘာသာနှင့် ကိုးကွယ်မှု အကြောင်းများ ဟောပြောကြသည်။ တက်ရောက်သူ ကျောင်းသားများနှင့် လေ့လာသူများ သဘောကျ နှစ်သက်ကြသည်ကို တွေ့ရသည်။ များစွာ အသိပညာ ဗဟုသုတတွေလည်း ရကြသည်။

လာမည့်နှစ် ဆရာတော်ကြီး၏ ၇၅ နှစ်ပြည့် အထူးပူဇော်ပွဲသို့ ယခုလိုပဲ စုံညီစွာ ကြွရောက်ကြပါရန်လည်း ဖိတ်မန္တကပြုပါသည်။

ရွှင်လန်းချမ်းမြေ့ပါစေ
သီတဂူစတား
၂၇-၃-၂၀၁၁
            အပိုင်း(၂)သီတဂူကုသိုလ်တော်အားဆက်လက်ဖတ်ရှုနိုင်ကြရန်ကူးယူဖော်ပြထားပါတယ်။          
                သီတဂူဆန်းလပမာချမ်းမြသာယာကြပါစေ။(မင်လှသားလေး)

စေတီတော်ဌာပနာပိတ်ပွဲ

ကျွန်တော်မွေးရပ်မြေမှဒုတိယမြောက်အောင်ပွဲလေးပါ။စေတီတော်ဌာပနာပိတ်အောင်ပွဲကို(တပေါင်းလပြည့်နေ့)
မနက်(၉)နာရီမှအခမ်းအနာစတင်ပါတယ်။မနက်(၁၀)နာရီလောက်မှဘဲအောင်မြင်စွာပြီးမြောက်ခဲ့ပါတယ်။အစီအ
စဉ်တွေကတော့မသိရှိသဖြင့်မတင်ပြနိုင်ဖြင်းကိုခွင့်လွှတ်ပါဗျာ။ကျွန်တော်တို့ရွာတွင်ချမ်းသာပြည့်စုံသူနဲသည့်
ကြားမှစေတိတော်တစ်ဆူတည်ထားကိုးကွယ်နိုင်သည်မှာအထူးပင်ဂုဏ်ယူမဆုံးနိုင်အလေ့အထလေးပင်ဖြစ်ပါ
တော့တယ်ဗျာ။အဖက်ဖက်မှပါဝင်လှူတန်းသူများကိုလဲကျေးဇူးတင်ရှိပါတယ်။လိုအပ်ချက်များစွာရှိနေပါသေး
တယ်ခဗျား။မိမိတို့တတ်စွမ်းနိုင်သမျှသောကုသိုလ်တော်များပါဝင်လှူဒါန်းနိုင်ကြပါတယ်ဆိုတာမေတ္တာရပ်ခံအပ်
ပါတယ်ခဗျား။ဓမ္မာရုံ၊ရင်ပြင်တော်နှင့်အခြားဝေယျာဝစ္စတွေလုပ်ကိုင်ဖို့ရှိပါတယ်ဗျာ။ကျွန်တော်ကဘဲမိမိတို့၏
ရွာသူရွာသားများကိုစားမေတ္တာရပ်ခံအပ်ပါတယ်။တစ်ဦးထဲအလှူကိုမတတ်နိုင်ပါကလဲစုပေါင်းကာကုသိုယ်ပြုကြရ
အောင်ခဗျား။





























သီတဂူအလှူတော်

မွေးနေ့အကြို မင်္ဂလာပွဲ (၁)

မဟာစည်းခုံကြီးစေတီတော်
ညစဉ် သီတဂူကမ္ဘာ့တက္ကသိုလ် သံဃာများ အနေကဇာတင် ပရိတ်ရွတ်ပွား
ပထမဘုံ ထီးတော်တင်လှူနေပုံ
သံဃာတော်များ ထီးတော်တင်လှူနေစဉ်
စေတီတော်ကြီး၏ အလယ်ပစ္စယံ ဌာပနာတိုက်အတွင်း၌ အနေကဇာတင်စဉ်
စေတီတော်ကြီး၏ ညရှုခင်း ကြည်ညိုသပ္ပါယ်ဖွယ်
အညာမြေကို နှုတ်ဆက်ခြင်း

ရန်ကုန်မှာ သင်တန်းတွေပြီးတော့ အိန္ဒိယကို ပြန်သွားဖို့ပြင်ဆင်ရသည်၊ အညာက ဆရာသမားနှင့် အမေအိုကြီးနှင့် မိသားစုတို့ကို နှုတ်ဆက်ရန် ပြန်ခဲ့ရသည်။ အညာမြေသည် နွေဦးပေါက် ခြောက်သွေ့ပြီး ဖုန်ထသော ရာသီဖြစ်သည်၊ နေ့ပူ ညချမ်း တပေါင်းလဆန်းဆိုတဲ့ အတိုင်း နေ့အခါ ပူပေမဲ့ ညအခါမှာတော့ အေးနေသေးသည်။ ရပ်ရွာမှာ တစ်ပတ်လောက် နေပြီး သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (စစ်ကိုင်း) သို့ ၀င်သည်။ ဆရာတော်ကြီး၏ မွေးနေ့ပွဲသို့ ရပ်ဝေး ရပ်နီးမှ ပရိသတ်များစွာလဲ တဖွဲဖွဲ ရောက်နေကြသည်။ မွေးနေ့ရက် နီးကပ်လာလေ ပရိသတ်များလာလေဖြစ်သည်။ မနေ့က ဆွမ်းစားရင်း တက္ကသိုလ်၏ စီမံဥက္ကဋ္ဌဆရာတော်ပြောတာ ကြားလိုက်သည်၊ ခေါင်းအုံးအသစ်တွေ အလုံး ၅၀၀ မှာယူထားတာတောင် မလောက်ဖြစ်နေသည်တဲ့။ နေရာလည်း သရက်ပင်အောက် နေရာရဖို့ပင် မလွယ်တဲ့။ စာရေးသူတို့လည်း သာမန်အချိန်ဆို နေရာကောင်းလေး ရနိုင်သည်၊ အခုတော့ ကိုယ့်ကျောင်းကိုယ့်ဟာဆိုတော့ သူငယ်ချင်းတွေ အကြား တိုးဝှေ့ အိပ်ရသည်။

ထူးခြားသည့် အစီအစဉ်တစ်ခု

သီတဂူဆရာတော်ကြီး၏ မွေးနေ့ပွဲ အမီ စေတီတော်ကြီး၏ ဌာပနာသွင်း ပူဇော်ခြင်းနှင့် ရွှေထီးတော်ကြီး တင်လှူပူဇော်ပွဲများကို ခမ်းခမ်းနားနား ပြုလုပ်နိုင်ရန် ကြိုတင်စီမံထားသော်လည်း အချိန်မမီနိုင်ဟု ယူဆထားသည်။ သို့သော် ဆရာတော်ကြီး၏ ဆန္ဒကြောင့် အင်တိုက်အားတိုက် တည်ဆောက်ရာ မဟာစည်းခုံစေတီတော်ကြီး ရွှေထီးတော် တင်လှူပွဲကြီးကား ခြိမ့်ခြိမ့်သဲပင်ဖြစ်ခဲ့သည်။

၁၅-၁၆- ရက်များတွင် ထိုစေတီတော်ကြီးကို သီတဂူဆရာတော်ကြီး ဦးဆောင်ကာ ပထမဘုံအဆင့် မှ န၀မ ဘုံအဆင့်အထိ သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် သံဃာတော်များနှင့် ဌာနဆိုင်ရာများက သီတဂူ အဏ္ဏ၀ါနတ်ပန်းရထားဖြင့် တင်လှူပူဇော်ကြသည်၊ နာမည်ကျော် စစ်ကိုင်းမိုးဇာဗျောအဖွဲ့ကလည်း မြိုင်မြိုင်ဆိုင်ဆိုင် သီဆိုပူဇော်သည်။ သံဃာတော်များ၏ နေ့စဉ် ရွတ်ပွားပူဇော်အပ်သော ပရိတ်တော်သည်လည်း ဘ၀ဂ်ညံလျက်ရှိသည်။ ရပ်ကွက်ထဲရှိ အမျိုးသမီး ၀တ်အသင်းများကလည်း ပူဇော်ကြသည်။ ၁၇-ရက်နေ့တွင် ရန်ကုန်သီတဂူ ကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် ကျောင်းသားများက ကျန်ရှိနေသေးသော ထီးတော်များကို တင်လှူပူဇော်ကြသည်။ နောက်ဆုံးရက်တွင် စိန်ဖူးတော်နှင့် ငှက်မျက်နှားတော်တို့ကို တင်လှူ ပူဇော်သည်။ 

မန္တလေးသီတဂူ ကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် ကျောင်းအမကြီး ဒေါ်ညွှန့်ညွှန့်အေး ကပ်လှူသော ကောက်ညှင်းဆွမ်းနှင့် အကြော်အမျိုးစုံကလည်း မြိန်ရည်လျှက်ရည်ရှိလှသည်။ နံနက်စာ ဘာမှ မစားခဲ့ရသေးသော စာရေးသူတို့အဖွဲ့ အားပါးတရ ဘုန်းပေးခဲ့ကြသည်။ ဆာလောင်ရောဂါထနေသော စာရေးသူတို့ ကျောင်းအမကြီးအား အထူးကျေးဇူးတင်လို့မဆုံး ဖြစ်ကြသည်။


ဖျော်ဖြေရေးအစီအစဉ်

၁၃-၁၄-၁၅ ရက်များတွင် မြန်မာ့ရိုးရာ နိုင်ငံကျော် ခြင်းအလှခတ် တစ်ဦးချင်း၊ အဖွဲ့လိုက်တို့ ဖျော်ဖြေခြင်း။
၁၄ ရက်နေ့ညက မြတစ်ရာ အငြိမ့်ဖြင့် ဖျော်ဖြေခြင်း
၁၅ ရက်နေ့တွင် ရွှေတံဆိပ်ဆုရှင် ဖိုးချစ် ဇာတ်သဘင်ဖြင့် ဖျော်ဖြေခြင်းများ ပြုလုပ်သည်။
၁၆ ရက်နေ့မှာတော့ လူရွှင်တော်များ၏ သမီးများဖြစ်ကြသော လူရွှင်တော်အမျိုးသမီးတို့၏ ဟာသ ဖျော်ဖြေမှုပဲ ဖြစ်သည်။

မဟာစည်းခုံစေတီတော်

စေတီတော်ကြီး၏ သမိုင်းအကျဉ်းချုပ်သည်လည်း စိတ်ဝင်စားစရာကောင်းသည်။ မြန်မာနိုင်ငံတွင် စည်ခုံကြီးအမည်ရှိ စေတီ ၃ ဆူရှိသည်။ ပုဂံခေတ်က ကျန်စစ်သားမင်း တည်ထားကိုးကွယ်သည့် ရွေစည်းခုံစေတီ၊ ပင်းယခေတ်က ပင်းယမင်း ဥဇ္ဇနာမင်းတည်သည့် မက္ခရာစည်းခုံစေတီတော်နှင့် သက္ကရာဇ် ၇၁၄-တွင် စစ်ကိုင်းမင်း သီဟပတိ တည်းထားကိုးကွယ်သည့် ယခု မဟာစည်းခုံ စေတီတော်ကြီးတို့ ဖြစ်ကြသည်၊ ထိုစေတီတော် ၃ဆူတွင် ဤ မဟာစည်းခုံစေတီတော်ကြီးက အကြီးဆုံး စေတီတော်ကြီးဖြစ်သည်။ ပုဂံရွှေစည်းခုံစေတီတော်ကြီးသည် ပေ ၁၆၀ ရှိသည်၊ စစ်ကိုင်းမြို့ ယခုပြုပြင်သော မဟာစည်းခုံစေတီတော်ကြီးသည်ကား ပေပေါင်း ၁၇၀ ရှိသဖြင့် ၁၀ ပေ ပိုမြင့်သည်။ မက္ခရာစည်းခုံစေတီတော်ကြီးသည် ၁၆၈ ပေ မြင့်သည်။ ဤစေတီတော်ကြီးသည် ပျက်စီးယိုယွင်းပြီး ခြုံများ ပိတ်ဖုံးလျက်ရှိရာ ယခင် စစ်ကိုင်းတိုင်းမှူး ဗိုလ်ချုပ်စိုးမြင့်၏ လျှောက်ထားတောင်းပန်မှုဖြင့် သီတဂူဆရာတော်ကြီး ဦးဆောင်ကာ ပြုပြင် ပြီးစီး ရွှေထီးတင် အဆင့်ထိ ရောက်လာသဖြင့် အထူးကြည်ညို သပ္ပါယ်ကောင်းလှသည်။ စစ်ကိုင်းမြို့၏ ကျက်သရေဆောင် ရှေးဟောင်း စေတီတော်ကြီးအဖြစ် ဇေယျာသူ ဇေယျာသားတို့ ဂုဏ်ယူဝံ့ကြွားကြသည်။

မှတ်ချက်။ ဒုတိယအကြီးဆုံး စဥ့်ကိုင်မြို့နယ်ရှိ မက္ခရာစည်းခုံကြီး စေတီတော်ကြီးကိုလည်း သက်တော် ၇၃ နှစ်ပြည့် မွေးနေ့အဖြစ် ခြုံပိတ်ပေါင်းတို့မှ တူးဖော်ထုတ်ကာ ပြုပြင်ပြီး ရွေထီးတော် စိန်ဖူးတော်များ တင်လှူခဲ့ပြီးဖြစ်သည်။

ဤကား သီတဂူဆရာတော်ကြီး၏ ၇၄ နှစ်ပြည့် မွေးနေ့ပူဇာကျင်းပပုံ ပထမနေ့ အစိတ်အပိုင်းများဖြစ်သည်။

အပိုင်း (၂) အပိုင်း (၃) နှင့် အပိုင်း (၄) များ ဆက်လက်ဖော်ပြသွားပါမည်။

ရွှင်လန်းချမ်းမြေ့ပါစေ

သီတဂူစတား
၂၄-၃-၂၀၁၁
                   သီတဂူအလှူတော်အားအမျာပြည်သူသာဓုခေါ်နိုင်ရန်ကူးယူထားပါတယ်ဗျာ။                    
               သီတဂူအဖွဲ့ကြီးဒီထက်မကလှူနိုင်တန်းနိုင်ပါစေ။(မင်းလှသားလေး)
| |