ရွှေထီးလှူရဖြင်း၏အကျိုးကျေးဇူး

 ၁။ထီးလှူတဲ့ကုသိုလ်ရှင်များဟာ ဖြစ်လေရာဘ၀တိုင်းမှာ အချမ်းမရှိ၊ ချမ်းလိုက်တာဆိုတာမျိုး မရှိ၊ အအေးဥတုဒဏ်ကို ခုခံကာကွယ်နိုင်ခြင်း၊ အေးခြင်းကြောင့် သူ့မှာ အဆောတလျင် ဖောက်ပြန်တုန်လှုပ်သွားတာ မရှိ(မဖြစ်၊ မသိ)၊ 
၂။ အပူဒဏ်ကို ခုခံကာကွယ်နိုင်ခြင်း၊ 
၃။ ရဇောဇလ္လံ န လိမ္ပတိ-ကြေးတွေ ညှော်တွေ မြှူမှုံတွေ ဖုံတွေ သံတွေ အမိုက်သရိုက်တွေ လွယ်ကူစွာ မတင်းနိုင်ခြင်း၊မသက်ရောက်ခြင်း မပေးခြင်း၊ 
၎။ ဘေရန်ပျောက်ပျက် အနှောက်အယှက် ကင်းစင်ခြင်း၊
  ၅။ အသားအရေ ၀င်းဝင်းဖန့်ဖန့် ဖြူဖြူဖွေးဖွေး လှပတောက်ပခြင်း၊
 ၆။ အသားအရေ နှုးညံ့သိမ့်မွေ့ခြင်း ပြေပြစ်ညက်ညော ချောမောခြင်း၊
 ၇။ အချိန်မရွေး စိတ်တွေ အေးချမ်းပြီး စိတ်တွေ ကြည်ပြီး စိတ်တွေ သန့်သန့်ရှင်းရှင်းနဲ့ နေရခြင်း၊ စိတ်အေးလက်အေး နေရခြင်း၊ စိတ်ကြည်ကိုယ်ကြည်ပြီးတော့ သမာဓိနဲ့ နေနိုင်ခြင်း၊
 ၈။ ထီးလှူရတဲ့ ကုသိုလ်ရှင်များ သံသရာစခန်း နိဗ္ဗာန်သွားလမ်းကြီး တစ်လျှောက်လုံးမှာ ထီးတွေလို အထက်တန်ခစန်းကနေပြီးတော့ သူတစ်ပါးအပေါ်မှာ လွှမ်းမိုးသြဇာသက်ရောက်ပြီးသကာလ အာဏာပိုင်စိုး တန်ခိုးကြီးထွားတဲ့ ပုဂ္ဂိုလ်ထူး ပုဂ္ဂိုလ်မြတ်တွေ ဖြစ်ရခြင်း။ 
အလွယ်မှတ်ရန် ဆောင်ပုဒ်=====  ချမ်း, ပူ မရှိ၊ ကြေးညှိမတင်၊ ဘေရန်ပျောက်ပျက်၊ နှောက်ယှက်ကင်းစင်၊  သားရေ၀င်းဖန့်၊ နှုးညံ့ အစဉ်၊ စင်ကြယ်စိတ်၊ ဆောင်းရိပ် ရွှေထီးရှင်။(facebook မှကူးယူဖော်ပြထားပါတယ်။)

ဝမ်းနည်းကြေကွဲခြင်း.................

Московский физико-технический институт(Долгопру́дный)(Moscow Institute of Physics and Technology) ကျောင်းတွင် ပညာသင်ကြားနေသော အမှတ်စဉ် (၅၀) မှ ဗိုလ်ကြီး ဆက်အောင် (ဘ.ရ.န.၉) သည် ယနေ့ မနက် ၅ ခန့်က ကွယ်လွန်သွားပါသဖြင့် သူ၏ မိဘများနဲ့ အတူ ထပ်တူ ထပ်မျှ ၀မ်းနည်းကြေကွဲရပါသည်... ဗိုလ်ကြီး ဆက်အောင် ကောင်းရာမွန်ရာ ရောက်ပါစေလို့ ဆုတောင်းပေးပါတယ် ...
 
                                                                       အမှတ်စဉ်(၅၀)မှသူငယ်ချင်းများနှင့်နောင်တော်
                                                                          ညီတော်များ

လောက အဖျတ်တရား(ဣဿာ)

                                  အရှင်ကောဝိဒသီရိ(သီတဂူစတား)
ကဆုန်လပြည့်နေ့ဆိုတော့ကျနော်လဲအွန်လိုင်းတရားပွဲလေးပင့်လျှောက်ခဲ့ပါတယ်...ဆရာတော်ကလဲ
အဆင်ပြေကြောင်းပြောတာလဲ တရားနာကြားလိုသူများနှင့် အတူတကွနားကြားခဲ့ပါတယ်...
ငါးပါးသီလယူပြီးနောက်တွင် ဆရာတော်မှသက္ကပဥှသုတ္တန်တရားတော်မှထုတ်နုတ်ကာ
လောက အဖျက်တရားတရားခေါင်းစဉ်ဖြင့်ဣဿာ အကြောင်းကိုအောက်ပါအတိုင်းဟောကြား
ခဲ့ပါတယ် သူတော်ကောင်းအပေါင်းတို့ 

စိတ်စွမ်းရည်

စာရေးသူတို့ လူသားတွေသန္တာန်မှာ စိတ်စွမ်းရည် နှစ်မျိုးရှိသည်။ အလွန်စွမ်းထက်သော သတ္တိရှိသည်။ စိတ်၏ စွမ်းအင် ( mental power) လို့ ခေါ်သည့် ကုသိုလ် အကုသိုလ်ဟူ၍လည်းဆိုနိုင်သည်။ ထိုနှစ်မျိုးတွင် တစ်ခုမဟုတ် တစ်ခုတော့ ရှိနေမြဲဖြစ်သည်။ ဒါကိုပဲ Constructive Power အပြုသဘောဆောင်သော စိတ်၏ စွမ်းရည်နှင့် Destructive Power အဖျက်သဘောဆောင်သော စိတ်၏ စွမ်းရည်ဟူ၍ ခေါ်ဆိုနိုင်ပါသည်။ နှလုံးသွင်း မကောင်းသော သူတွေမှာ မကောင်းသော ဒေါသ ဣဿာ မစ္ဆရိယ စသော အကုသိုလ်စိတ်တွေ ၀င်လာတဲ့အခါ ထိုသူတို့၏ စိတ်သည်လည်း အဖျက်သဘောဆောင် (Destructive Power) သော စိတ်၏စွမ်းရည် အဖြစ် ပြောင်းလဲသွားသည်။ စိတ်ကောင်းနှလုံးကောင်းရှိသော နှလုံးသွင်းမှန်ကန်သော သူတွေမှာတော့ မေတ္တာ ကရုဏာ စသော အပြုသဘောဆောင် (Constructive Power) သော စိတ်စွမ်းရည်ဘက်သို့ ကူးပြောင်းလာပါသည်။ ကိုယ့်သန္တာန်မှာ ထိုနှစ်မျိုးတို့တွင် ဘယ်စရိုတ် ဘယ်တရားများ ကိန်းအောင်းနေပါသနည်း သို့မဟုတ် အဖြစ်များနေပါသနည်းဟု ကြိမ်ဖန်များစွာ သုံးသပ်ဆင်ခြင် သင့်လှပေသည်။

သိကြားအမေး

သိကြားမင်းက မြတ်ဗုဒ္ဓအား ဤသို့မေးတယ်‘‘ အို ရှင်တော်မြတ်ဘုရား-- လောကမှာ ဘုရား--- လူတွေ နတ်တွေ နဂါး ဂဠုန် အသုရာ ကချေသည် စသည့် များစွာသော သတ္တ၀ါတွေ ရှိကြပါတယ်ဘုရာ၊ ထိုများစွာသော သတ္တ၀ါတိုင်းမှာ တူညီသော ဆန္ဒတစ်ခုရှိပါတယ်ဘုရား၊ အချင်းချင်း ရန်မဖြစ်လိုကြဘူး၊ အချင်းချင်း အမျက်ဒေါသ အာဃာတ မထားလိုကြဘူး၊ အေးအေးချမ်းချမ်း ငြိမ်းချမ်းစွာ နေလိုကြပါသည်ဘုရား။ သို့သော်လည်း သူတို့တတွေ အဲဒီလို သူတို့ ဖြစ်ချင်သလို လိုလားသလို ဖြစ်မလာကြပါဘုရား။ လောကကြီးက တစ်ယောက်နဲ့တစ်ယောက် တိုက်ခိုက်နေကြပါတယ်၊ အာဃာတတွေ ထားနေကြပါတယ်၊ စိတ်ဆင်းရဲ ကိုယ်ဆင်းရဲတွေနဲ့ နေ နေကြရပါတယ်။ ထိုသို့ဖြစ်ချင်တိုင်းမဖြစ်ကြရခြင်းသည် အဘယ်သံယောဇဉ်ကြောင့် ဖြစ်ပါသလဲ ဘုရား’’ဟု မေးသည်။

လူတိုင်းချမ်းသာချင်

လူသားတိုင်းသည် ချမ်းသာချင်ကြသည်၊ အေးအေးချမ်းချမ်း နေလိုကြသည်၊ မေတ္တာပို့သည်အခါမှာလဲ ‘‘အဟံ အဝေရော ဟောမိ’’က အစပြုသည်။ ကျွန်ုပ် ဘေးရန်ကင်းကွာ ချမ်းသာရပါလို၏၊ အဟံ အဗျာပဇ္ဇော ဟောမိ- ကျွန်ုပ် စိတ်ချမ်းသာပါရစေ စသည်ဖြင့် ကိုယ့်ကိုကို ဦးစွာ မေတ္တာပို့သည်။ ဤကဲ့သို့ မိမိက အရင်စ၍ မေတ္တာပို့ခြင်း လူသားတိုင်း သက်ရှိသတ္တ၀ါတိုင်း မိမိကဲ့သို့ ချမ်းသာချင်ကြမည်၊ ဘေးကင်းလိုကြမည်ဟု စာနာတတ်အောင် ဆိုထားခြင်းဖြစ်သည်။ လူသားတိုင်း သက်ရှိသတ္တ၀ါတိုင်း ချမ်းသာချင်ကြပေမဲ့ ချမ်းသာစွာ မနေနိုင်ကြပေ။ အဘယ့်ကြောင့်နည်းဟု သိကြားမင်းက မေးခြင်းဖြစ်သည်။

သံယောဇဉ်

သိကြာမင်းက သံယောဇဉ်ကို မေးတာ ဖြစ်ပါတယ်။ မြတ်ဗုဒ္ဓက ဣဿာအစရှိသော သံယောဇဉ်များကြောင့် သတ္တ၀ါတွေ ချမ်းသာစွာ နေလိုကြပေမဲ့ မနေနိုင်ကြောင်း အဖြေပေးသည်။ ဘုရားအဖြေက ဣဿာနှင့် မစ္ဆရိယသံယောဇဉ်ဖြစ်ပါသည်။ ဤပို့စ်၌ ဣဿာ သံယောဇဉ် အကြောင်းကိုပဲ တင်ပြမည်ဖြစ်ပါသည်။ မစ္ဆရိယသံယောဇဉ်ကိုတော့ အပိုင်း (၂) မှာ ဆွေးနွေးမှာ ဖြစ်ပါသည်။

စာရေးသူတို့ လူအများစုက သံယောဇဉ်ကို ဘယ်လိုနားလည်ထားကြသလဲဆိုတော့ အချစ် (love) တဲ့။ အချစ်တစ်ခုတည်းကိုပဲ သံယောဇဉ်ဟု နားလည်ထားကြသည်။ တကယ်တော့ သံယောဇဉ်ဆိုတာ‘‘ သတ္တေ အနတ္ထေ (ဒုက္ခေ) သံယောဇေန္တိ ဗန္ဓေန္တီတိ သံယောဇနာ’’ ဟု စာပေမှာ ဆိုသည်။ သတ္တ၀ါတို့ကို အကျိုးမဲ့ မကောင်းသောအကျိုးတို့၌ ချည်နှောင်ထားတတ်သည်။ ထိုသံယောဇဉ်ကြောင့်ပဲ သက်ရှိ လောကကြီးသည် လူသားအချင်းချင်း သက်ဖြတ်ခြင်း၊ မတရားပြုကျင့်ခြင်း၊ အောင်မြင်မှုနှင့် ဘ၀စည်းစိမ်များကို ဖျက်ဆီးခြင်း၊ အောင်မြင်ရန်အလားလာများကို တားမြစ် ပိတ်ဆို့ခြင်း စတဲ့ လောကကြီးပွားခြင်းကို ခြေမှုန်းနေကြသည်။ ထိုသို့သော ဒုက္ခတို့၌ ချည်နှောင်ထားတတ်သည်။

စာပေမှာ သံယောဇဉ် ၁၀ပါး ပြဆိုထားသည်။ အများစု နားလည်ထားသည့် အချစ်ဆိုတဲ့ သံယောဇဉ်သည် ကာမရာဂသံယောဇဉ် ဘ၀ရာဂသံယောဇဉ် တို့ကို ဆိုလိုသည်။ သို့ပေမဲ့ အခြားသော ဣဿာ (စောင်းမြောင်းငြူစူခြင်း) သံယောဇဉ်၊ ဒေါသ ပဋိဃ (ရန်ငြိုးထားခြင်း အငြိုးတေးထားခြင်း အမျက်ထွက်ခြင်း) သံယောဇဉ်စတဲ့ သံယောဇဉ်များကိုတော့ သံယောဇဉ်ဟု ခံယူမထားကြပေ။ မုန်းတီးခြင်း၊ ရန်ငြိုးဖွဲ့ခြင်း အာဃာတထားခြင်းသည်လည်း သံယောဇဉ်မည်ပါသည်။ ဒုက္ခပေါင်းစုံမှ ရုန်းမထွက်နိုင်အောင် ချည်နှောင်ထားသောကြာင့် ဖြစ်သည်။ အေးချမ်းသော ဘ၀ကို ပိုင်ဆိုင်နိုင်ရန် ထိုသံယောဇဉ်များကို ကျော်လွားနိုင်ဘို့ လိုအပ်ပါသည်။ ထိုသံယောဇဉ်များကို မတားဆီးနိုင်သရွေ့ ရန်သူတွေဝိုင်းရံနေတဲ့ ဘ၀မှ လွတ်မြောက်နိုင်လိမ့်မည် မဟုတ်။ လောကကြီးသည် သို့မဟုတ် ဘ၀သည် အချင်းချင်းအာဃာတတွေ၊ အပြိုင်အဆိုင်တွေ၊ ပိတ်ပင်တားဆီးမှုတွေ၊ အဖျက်သမားတွေ၊ တစ်ယောက်နှင့်တစ်ယောက် ရှုတ်ချ အပြစ်တင်ခြင်းတွေ၊ ပစ္စည်းဥစ္စာများကို မတရားသဖြင့် သိမ်းယူခြင်းဆိုတဲ့ ဥစ္စာဒဏ်၊ လက်နက်ဖြင့် ခြိမ်းခြောက်ခြင်းဆိုတဲ့ လက်နက်ဒဏ်စသည်တို့ဖြင့် ၀ိုင်းရံခံနေရသည်။ ထိုအန္တရာယ်များသည် မနာလို ငြူစူခြင်းဟုသော ဣဿာ သံယောဇဉ်လျှင် မြစ်ဖျားခံသည်။ လောကကြီးကို ခြိမ်းခြောက်နေသောကြာင့် လောကအဖျက်တရားဟူလည်း ခေါ်ဆိုနိုင်သည်။ ဣဿာသည် လောကကြီးပျက်ဆီးသွားသည်အထိ ဖြစ်သွားနိုင်သည်ကို သတိထားသင့်သည်။ စာရေးသူတို့ ဗုဒ္ဓဘာသာနိုင်ငံတွေမှာ အဖြစ်မများပေမဲ့ တစ်ကမ္ဘာလုံးနှင့်ခြုံကြည့်ပါက နေရာအနှံ့ပြား များစွာတွေ့နိုင်ပါသည်။

ဣဿာ(မနာလိုသ၀န်တို)

လောကအဖျက်တရားများစွာထဲက ဣဿာ (စောင်းမြောင်းငြူဆူခြင်း) သံယောဇဉ်သည်လည်း ကြောက်စရာ အဖျက်တရားတစ်ခုဖြစ်သည်။ ဒါကို ခေတ်စကားအနေနဲ့ jealous ဖြစ်တယ်လို့ ဆိုပါတယ်။ အနီးစခန်းဆရာတော်က ‘‘ မင်းတို့ခေတ်က ဣဿာ မစ္ဆရိယတွေ လွှမ်းမိုးတဲ့ ခေတ်ကွ၊ ဘယ်တော့မှ မချမ်းသာနိုင်ဘူး’’ ဟု အမိန့်ရှိဖူးသည်။ မှန်ပါသည်၊ ထိုဣဿာလွှမ်းမိုးနေသမျှ လောကကြီးသည် အေးအေးသက်သာ ရှိလိမ့်မည်မဟုတ်။ ထိုဣဿာသည် အဘိဓမ္မာသဘောအရ ဒေါသနောက်ခံရှိသည်။ အဘိဓမ္မတ္ထသင်္ဂဟစာအုပ်ကလေးတွင် ‘‘ဒေါသော ဣဿာ မစ္ဆရိယ ကုက္ကုစ္စဉ္စာပိ ဒွီသု ပဋိဃသမ္ပယုတ္တစိတ္တေသု’’ ဣဿာသံယောဇဉ်သည် ဒေါသနောက်ခံရှိသည်ဟု ဆိုလိုပါသည်။ ဣဿာရဲ့သဘောတရားကို အဘိဓမ္မာအဋ္ဌကထာ ဆရာကြီးက ရှင်းချက် ၅ မျိုးဖြင့် ဖော်ပြထားသည်။

၁။ ပရသမ္ပတ္တိ ခီယန လက္ခဏာ- လုလ္လပယောဂ၊ ကံ ဥာဏ် ၀ီရိယတို့ဖြင့် ရအပ်သော ဘ၀သမ္ပတ္တိ-ဘ၀မှာ အရာရာပြီးပြည့်စုံခြင်း၊ ဘောဂသမ္ပတ္တိ-စည်းစိမ်ဥစ္စာပြည့်စုံခြင်း စသည့် သူတပါး၏ ပြီးပြည့်စုံခြင်းကို ရှုတ်ချ ကဲ့ရဲ့ အပြစ်တင် ဝေဖန်ခြင်းသဘော ဖြစ်သည်။ ကားအကောင်းစားစီးနိုင်သူကိုမြင်လျှင် ဒီကောင် ဒီလူ ဘယ်လိုနည်းနဲ့ စီးပွားရှာတယ် ဘယ်လိုနည်းနဲ့ ကားအကောင်းစား စီးနိုင်တယ်၊ စီးနိုင်မှာပေါ့ သူ့အဖေက သို့မဟုတ် သူ့အမေက ဘယ်ဝန်ကြီးနှင့်ဘယ်လို ပတ်သက်တာ စသည်ဖြင့် ရှုတ်ချတတ်သည်၊ ကဲ့ရဲ့တတ်သည်။ ဂုဏ်ထူးများစွာဖြင့် စာမေးပွဲအောင်သူကို မြင်လျှင် အောင်မှာပေါ့ သူ့အဖေက ပညာရေးဝန်ကြီးနဲ့ ဘယ်လိုပတ်သက်တာ၊ ဆရာဆရာမတွေနှင့် ဘယ်လိုပတ်သက်မှုရှိတာ စသည်ဖြင့် ဝေဖန်ပြောဆိုတတ်သည်။ နောက်ဆုံး သမီးရည်းစား အဆင်ပြေနေတာတောင် အလွတ်မပေးခြင်းသဘောတရားသည် ဣဿာ၏ လက္ခဏာပင်ဖြစ်သည်။ ‘‘ကြီးပွားချမ်းသာ ရှုတ်ချခါ ဣဿာဟူ၍မှတ်’’ ဣဿာသည် သူတပါးကြီးပွား ချမ်းသာနေတာကို အမြဲတန်း ကဲ့ရဲ့ ရှုတ်ချတက်သည်။ သူတပါးပြီးပြည့်စုံနေတာကို ၀မ်းမသာနိုင်ဘဲ ရှုတ်ချနေတက်သည်။ ဤကဲ့သို့ အချင်းချင်း ကြီးပွားမှုကို ရှုတ်ချ ကဲ့ရဲ့လျှင် ဒီလောက ဘယ်တော့မှ မချမ်းသာနိုင်တော့ပေ။

၂။ ပရသမ္ပတ္တိ ဥဿူယနလက္ခဏာ- သူတပါးကြီးပွားချမ်းသာမှုအပေါ်မှာ အမြဲတမ်း ဖျက်ဆီးဖို့ရန် စောင်းမြောင်းခြင်းသဘောဖြစ်သည်။ သူတစ်ပါး တိုက်တွေ ကားတွေ စိန်တွေ ရွှေတွေ စသည်ဖြင့် ပြီးပြည့်စုံခြင်းကို ၀မ်းမသာနိုင်ဘဲ အားမပေးဘဲ ဖျက်ဆီးဖို့ရန်သာ စောင်းမြောင်းနေတတ်သည်။ ကဒါ နုခေါ ဧသ ဣမာယ သမ္ပတ္တိယာ ပရိဟာယိတွာ စရိဿတီတိ= ဘယ်သောအခါမှာ ဤပုဂ္ဂိုလ်သည် ဤပြီးပြည့်စုံခြင်းမှာ ဆုတ်ယုတ် ပျက်ဆီးပြီး ကျရှုံးလိမ့်မည်နည်းဟူ၍သာ ကြံစီတွေးတော နေတတ်သည်။ အကြောင်းအမျိုးမျိုးကြောင့် သူတပါး ထိုကဲ့သို့ ပြည့်စုံမှုမှ ဆုတ်ယုတ် ပျက်ပြားသွားသော် ၀မ်းသာ နေတက်သည်။ ဤနည်းအားဖြင့် သူများစည်းစိမ်အကြောင်းပြုပြီး ဣဿာပွားနေသူမှာ ပူလောင်မှုဖြင့် စိတ်ပင်ပန်းနေရသည်။ စာကဆိုသည်မှာ--
‘‘ ဣဿာနလာသိခါ ယေသံ၊ ဟဒယေ ဇလတီဓ တေ။
နေ၀ ၀ိန္ဒန္တိ ပါမောဇ္ဇံ သမ္ဗုဒ္ဓါဒီဟိ သေ၀ိတံ’’ ဟုပင် ဖြစ်သည် (အဘိ-ဋီ-၃၁၉)။ ဆိုလိုသည်မှာ- ဣဿာမီး အပူလောင်ခံရသော ပုဂ္ဂိုလ်တို့မှာ ဘုရားပစ္စေက အရိယာတို့ မှီဝဲအပ် ခံစားအပ်သော နုသော ၀မ်းမြောက်ခြင်း (ပါမောဇ္ဇ) မရနိုင်၊ ပါမောဇ္ဇမရရှိခြင်းကြောင့် ရင့်သော ၀မ်းမြောက်ခြင်း (ပီတိ) မရ၊ စိတ် စေတသိတ်တို့၏ ငြိမ်းအေးသော ပဿဒ္ဓိ၊ ချမ်းသာခြင်း သုခ၊ စိတ်၏တည်ကြည်မှု သမာဓိမရနိုင်ခြင်းကြောင့် ရုပ်နာမ်သဘာဝတရားကို ထိုးထွင်းသိနိုင်သော မဂ်ဥာဏ်မရနိုင်၊ နောက်ဆုံး နိဗ္ဗာန်အထိ အဆင့်ဆင့် မရနိုင်တော့ပေ။ ဣဿာသည် နိဗ္ဗာန်၏ ရန်သူဖြစ်လေတော့သည်။

၃။ တတ္ထ အနဘိရတိ ရသာ- သူတပါးစည်းစိမ် ကြွယ်ဝမှုအပေါ်မှာ မမွေ့လျော်ခြင်းသဘောဖြစ်သည်။ သူတပါးကြီးပွားချမ်းသာမှုအပေါ်၌ နဲနဲလေးမှ ၀မ်းမမြောက်နိုင်တဲ့သဘောပင်။ သူမြတ်အကျင့် ၄ပါးထဲက မုဒိတာသည် သူတစ်ပါး၏ စည်းစိမ် ဥစ္စာနှင့် အောင်မြင်မှုများကို ၀မ်းမြောက်ပေးသည်။ ဣဿာကတော့ ၀မ်းမမြောက်နိုင် မပျော်နိုင်။ မုဒိတာက သူတစ်ပါးအဆင်ပြေနေတာကို ၀မ်းမြောက်ပေးသည်။ ဣဿာက စိတ်မသက်မသာ ဖြစ်သည်။ ပြီးပြည့်စုံသူ အောင်မြင်သူကို မြင်သောအခါ ‘‘ ကဒါ နုခေါ ဣမာယ သမ္ပတ္တိယာ ပရိဟာယိတွာ ကပဏော ဟုတွာ စရိဿတိ- ဒီလူ၏ စည်းစိမ်တွေ ဘယ်သောအခါမှ ဆုံးရှုံးပြီး မွဲပြာကျသွားမလဲ တွေးတောနေတက်သည်၊ ထိုသို့ တွေးတောထားသည်အတိုင်း ဖြစ်လာလျင် ၀မ်းမြောက်တတ်သည်။ ဤသည်ကား ဣဿာ သဘောတရားပင်ဖြစ်သည်။ အချင်းချင်း မုဒိတာမပွားနိုင်တဲ့လောကကြီး၊ အချင်းချင်းပြီးပြည့်စုံခြင်းကို ၀မ်းမမြောက်နိုင်သော လောကကြီးသည် ဘယ်တော့မှ ချမ်းသာလိမ့်မည်မဟုတ်၊ အေးချမ်းလိမ့်မည်မဟုတ်။

၎။ တတော ၀ိမုခဘာဝ ပစ္စုပဋ္ဌာနံ- သူတစ်ပါးချမ်းသာခြင်း အောင်မြင်ခြင်း ပြည့်စုံခြင်းတို့အပေါ် မျက်နှာလွဲခြင်းလျှင်ထင်ရှားသည်။ ဣဿာရှိတဲ့သူသည် ချမ်းသာ အောင်မြင်သူကိုမြင်လျှင် မျက်နှာလွဲတတ်သည်၊ မမြင်ချင် မကြည့်ချင်ဖြစ်သည်။ ကိုယ့်အပေါ် မနာလိုဖြစ်နေသလား၊ ငြူစူနေသလား၊ ဖျက်ဆီးချင်နေသလားဆိုတာ ထိုဣဿာပွားနေသူ၏ မျက်နှာပေါ်မှာ ပေါ်လွင်နေသည့်အတွက် အလွယ်တကူ အကဲခတ်နိုင်သည်။ သူ၏မျက်နှာအပေါ်တွင်၎င်း သူ၏ ကိုယ်အမူအရာ နှုတ်အမူအရာတို့၌၎င်း ပေါ်လွင်နေတတ်ပါသည်။ ဤနည်းဖြင့် ကိုယ့်ရဲ့ ရန်သူကို အကဲခတ်နိုင်သည်။ ငါ့စီးပွားတွေကို သူမကြည့်ချင်တော့ဘူးဆိုရင် သူသည် ဣဿာလွှမ်းမိုးနေတာပဲဖြစ်တယ်။ ဒုက္ခဖြစ်အောင် သူလုပ်တော့မယ် ဆိုတာ သတိထားနိုင်သည်။

၅။ ပရသမ္ပတ္တိ ပဒဋ္ဌာနံ- ထိုသို့ ဣဿာပွားခြင်းသည် တစ်ပါးသူ၏ စည်းစိမ်ဥစ္စာကြွယ်ဝမှုနှင့် အောင်မြင်မှုတို့ကြောင့် ဖြစ်သည်။ ကိုယ်နှင့်လဲမဆိုင်ဘဲ သူများပစ္စည်းနှင့် အလကားသက်သက် အချောင် အကုသိုလ်ယူလိုက်ခြင်းပဲ ဖြစ်သည်။ ဣဿာ၏ဆန့်ကျင်ဘက်က မုဒိတာဖြစ်သည်။ မုဒိတာသည် သူများပစ္စည်းနှင့် အချောင် ကုသိုလ်ရနိုင်ခြင်းဖြစ်သည်။ ကုသိုလ်အချောင်ရနိုင်သည့် သူမြတ်တို့အကျင့် မုဒိတာသည် သူများပစ္စည်းနှင့်ပတ်သက်ပြီး ၀မ်းမြောက်နေခြင်းပဲဖြစ်သည်။ သူ၏ အတိတ် ပစ္စုပ္ပန်က ကံ၊ ဥာဏ်၊ လုလ္လပယောဂ ၀ီရိယတို့ဖြင့်ရအပ်၏ဟု တွေးကာတွေးကာ ၀မ်းသာနေခြင်းဖြစ်သည်။
ထိုသို့နှလုံးသွင်းကောင်းမှန်ကန်ခြင်းကြောင့် ဣဿာအပူမီး အလောင်မခံရသည့်အပြင် နုသောဝမ်းမြောက်ခြင်း ရင့်သော ၀မ်းမြောက်ခြင်း၊ စိတ်စေတသိတ်တို့ အေးချမ်းခြင်း၊ စိတ်ချမ်းသာခြင်း၊ သမာဓိရရှိခြင်း၊ ထိုသမာဓိကြောင့် မဂ်ဥာဏ်နှင့် နောက်ဆုံး နိဗ္ဗာန်အထိ ရောက်နိုင်သည်။ သာဓကဇာတ်ကြောင်းတစ်ခု ထုတ်ပြသော်-။

သာဓကဇာတ်ကြောင်း

တခါက သာဝတ္ထိမြို့မှာ အမေအို အဖေအိုကို လုပ်ကြွေးနေတဲ့ အမျိုးသားတစ်ယောက်ရှိခဲ့ဖူးတယ်။ တစ်ဦးတည်းသောသား ဖြစ်သည်၊ အမျိုးနွယ် စီးပွားဥစ္စာ အမွှေစားအမွေခံ မျိုးဆက်သစ်မရှိ၍ မိဘများက သားတော်မောင်ကို အိမ်ထောင်ချပေးလိုက်သည်၊ သို့သော်လည်းနှစ်တွေသာကုန်သွားပေမဲ့ ချွေးမလေးမှာ ယခုထိ ကိုယ်ဝန်မဆောင်နိုင်သေးသဖြင့် အမွေဆက်ခံမည့်သူပြတ်မည်ကို ကြောက်သောကြောင့် နောက်ထပ် အမျိုးသမီးတစ်ယောက်နှင့် လက်ထပ်ပေးပြန်သည်။ ဒုတိယအမျိုးသမီး ကိုယ်ဝန်ရှိလာသောအခါ အမျိုးသားရော မိဘတွေကပါ ဖူးဖူးမှုတ်ထားကြသည်၊ သိပ်ချစ်ကြသည်၊ အချက်ပြုတ်၊ အ၀တ်လျှော် သန့်ရှင်းရေး စသည့်အိမ်မှုလုပ်ငန်းအ၀၀ကို မယားကြီးက လုပ်ပေးရသည်၊ မိဘဆွေမျိုး၏ ၀ိုင်းယုယ အချစ်ခံရသော ကိုယ်ဝန်ဆောင်အမျိုးသမီး၏ ပြည့်စုံခြင်း ပျော်ရွှင်ခြင်းများကို မယားကြီး မပျော်နိုင်။ ဣဿာဝင်လာသည်နှင့်တပြိုင်တည်း ဖျက်ဆီးဘို့ရန် စိတ်ကူးလာတော့သည်။ ကိုယ်ဝန်ရှိသော အမျိုးသမီး၏ အစားအစာထဲတွင် ကိုယ်ဝန်ပျက်ကျစေ နိုင်သော ဆေးထည့်လိုက်သည်။ ကိုယ်ဝန်ပျက်ကျသွားသည်၊ ဒုတိယ ကိုယ်ဝန်၊ တတိယကိုယ်ဝန်တို့ကို ဆက်တိုက် ဆေးခပ်အဖျက်ခံရသည်။ စတုတ္ထမြောက်ကိုယ်ဝန်ကိုတော့ မယားကြီးမသိအောင် တနေရာသွားပြီးပုန်းနေရသည်၊ ဖွားခါနီးအချိန်ခါမှ အိမ်ပြန်လာသည်၊ မယားကြီးအံ့သြတုန်လှုပ်သွားသည်၊ ထိုမွေးဖွားခါနီးဆဲဆဲမှာပဲ ဆေးခပ်ထည့်ပြန်သည်၊ ကိုယ်ဝန်ပျက်မကျဘဲ အမေရော ကလေးပါ သေလုနီးပါးထိရောက်ချိန်မှာ ‘‘ငါရော ငါ့သားပါ သေအောင်လုပ်တဲ့ မိန်းမ နောက်ဘ၀ သင်၏ကလေးတွေကို ပြန်စားနိုင်သော ဘီလူးဖြစ်ရပါလို၏’’ဟု ဆုတောင်းခဲ့၍၊ ထိုအိမ်မှာပဲ ကြောင်ဖြစ်၍ မယားကြီးကတော့ ကြက်မလာဖြစ်ပြီး ပေါက်လာတဲ့ကလေးတိုင်း အစားခံရပြန်သည်၊ ဤသို့အားဖြင့် အပြန်အလှန် ကလဲ့စားချေလိုသော စိတ်ဖြင့် ဆုတောင်းလာလိုက်ရာ သမင်ဖြစ်ပြီး ကျားအစာဖြစ်ရ။ နောက်ဆုံးဘ၀မှာ ကိုယ်ဝန်ဆောင်မယားက သူ၏ဆုတောင်းအတိုင်း ဘီလူးမလာဖြစ်သည်၊ မယားကြီးကတော့ အမျိုးသမီးလာဖြစ်သည်။ ဤနည်းအားဖြင့် ဘတစ်ပြန်ကျားတစ်ပြန် အပြန်အလှန် တိုက်ခိုက်ခြင်းသည် မူလအခြေခံ ဣဿာကြောင့်ဖြစ်သည်။ ထို့ကြောင့် ဣဿာသည် ကြောက်စရာကောင်းသော လောကအဖျက်တရားဖြစ်သည်။

မိမိတို့ကောင်းမှုကုသိုလ်တော်ကိုရေစက်သွန်ချကာ အမျှ...အမျှ...အမျှ.ပေးဝေကာတရားပွဲအောင်မြင်စွာ
ပြီးဆုံးခဲ့ပါတယ် ...

လောကအဖျတ်တရားတော်စာသားများကိုသီတဂူစတားဘလော့ဂ်မှ ကူးယူဖော်ပြထားပါတယ်။
သူတော်ကောင်းတို့ တရားဓမ္မနှင့်မွေ့လျှော်နိုင်ပါစေ။(မင်းလှသားလေး)
        

 

ဗျာ, ဖွား, ပွင့်, စံ၊ ဤလေးတန်၊ မှတ်ရန်ဆုန်လ



                               
                                       

                                 

ဗျာ, ဖွား, ပွင့်, စံ၊
 ဤလေးတန်၊
မှန်ရန် ဗုဒ္ဓနေ့....
ဟူသော
ဗုဒ္ဓ၀င်သီတံအရ 
ဗျာ-ကဆုန်လပြည့်နေ့မှာ ဗျာဒိတ်တော်ကို ခံယူပါတယ်။
ဖွား-ကဆုန်လပြည့်နေ့မှာ ဖွားမြင်တော်မူပါတယ်။   
ပွင့်-ကဆုန်လပြည့်နေ့မှာ ပွင့်တော်မူပါတယ်။
စံ-ကဆုန်လပြည့်နေ့မှာ ပရိနိဗ္ဗာန် စံဝင်တော်မူပါတယ်။

ဤကဲ့သို့ ကဆုန်လပြည့်နေ့မှာချည်း မြတ်ဗုဒ္ဓရဲ့ အဖြစ်တော် လေးမျိုးစလုံး တိုက်တိုက်ဆိုင်ဆိုင် ဖြစ်ပေါ်ခဲ့တဲ့ အတွက်ကြောင့် ကဆုန်လပြည့်နေ့ကို ဗုဒ္ဓဘာသာဝင် သူတော်စင်တို့အနေဖြင့် ဗုဒ္ဓနေ့လို့ အထွဋ်အမြတ်ထား ခေါ်ဝေါ်ပြောဆိုရတာ ဖြစ်ပါတယ်။

 လကဆုန်အကြောင်းးး
               ကဆုန်လကို ပုဂံခေတ်က ကုဆုန်၊ ကူဆုန်၊ ကဆုန်၊ ခူဆုန်၊ ခုဆုန်ဟု အမျိုးမျိုးရေးသား ခေါ်ဝေါ်ခဲ့တာကို ကျောက်စာများအရ သိရှိကြပါတယ်။ ကုဆုန်မှာ မူရင်း ဝေါဟာရဖြစ်ပြီး ကဆုန်စသော ကျန်ဝေါဟာရများမှာ ကုဆုန်မှ ရွှေ့လျားပြောင်းလဲလာသော ဝေါဟာရများ ဖြစ်ကြပါတယ်။ ကုဆုန်နှင့် ကဆုန်တို့ရှိ ကု၊ က ပုဒ်တို့မှာ ကုတို့၊ ကုခန်း၊ ကစွန်း၊ ကညှို့၊ ကတောက် စသော ဝေါဟာရတို့ရှိ ကု၊ က ပုဒ်တို့ကဲ့သို့ “ရေ” ဟု အဓိပ္ပာယ်ရပါ တယ်။ စုန်မှ ဆင်းသက်လာသော ဆုန်မှာ သွန်းခြင်း၊ လောင်းခြင်း၊ ဖျန်းခြင်း အဓိပ္ပာယ်ရှိပါတယ်။ ထို့ကြောင့် ကဆုန်လ အဓိပ္ပာယ်မှာ ရေသွန်းသောလ၊ ရေလောင်းသောလ၊ ရေဖျန်းသောလ ဟုဆိုလိုပါတယ်။ထို့ ကြောင့် ဗုဒ္ဓရှင်တော်မြတ်ဘုရား သစ္စာလေးပါး မြတ်တရားကို ပိုင်းခြား ထင်ထင် သိမြင်တော်မူရာ မဟာဗောဓိပင်ပွား ဗောဓိပင်များကို ရေသွန်းလောင်းခြင်းရ ဖြစ်ပါသည်...။
    
                            ဗုဒ္ဓဘာသာတို့  ကိုးကွယ်နေကြသော ဂေါတမ ဘုရားရှင်သည် သုမေဓာ ရှင်ရသေ့ဘ၀တွင် ဒီပင်္ကရာ မြတ်စွာဘုရားထံတော်မှ “နောင်သောအခါတွင် ဘုရားစင်စစ် ဧကန်အမှန် ဖြစ်လိမ့်မည်” ဟု နိယတ ဗျာဒိတ်ကို ရရှိတော်မူခြင်းသည် ကဆုန်လပြည့်နေ့ ဖြစ်ပါတယ်။ မဟာသက္ကရာဇ် (၆၈)ခု၊ ကဆုန်လပြည့် သောကြာနေ့မှာပင် ဘုရားအလောင်းကို ဖွားမြင်တော်မူခဲ့ပါသည်။ ဘုရားအလောင်းကို ဖွားမြင်တော်မူသည်နှင့် တပြိုင်နက် ယသောဓရာ မင်းသမီး၊ အာနန္ဒာမင်းသား၊ ဆန္ဒအမတ်၊ ကာဠုဒါယီအမတ်၊ ကဏ္ဍကမြင်း၊ ရွှေအိုးကြီးလေးလုံးနှင့် မဟာဗောဓိပင် ဟူသော ဖွားဖက်တော် ခုနှစ်ဦးတို့သည်လည်း ဖွားမြင်ဖြစ်ပေါ်လာကြပါတယ်။ မဟာဗောဓိ သည် မဇ္ဈိမဒေသ ဥရုဝေလတောတွင် ဘုရားရှင်တို့ ပွင့်တော်မူရာ
ဗဟိုအချက်အချာ အောင်မြေအရပ်၌ ပေါက်လာခြင်း ဖြစ်ပါသည်။

မဟာသက္ကရာဇ် (၁၀၃)ခုနှစ်၊ ကဆုန်လပြည့်နေ့၌ ဘုရားအလောင်းသည် မဟာဗောဓိပင်ရင်း၌ သစ္စာလေးပါးကို ထိုးထွင်းသိမြင်၍ သဗ္ဗညုဘုရားရှင် အဖြစ်သို့ ရောက်တော်မူခဲ့ပါသည်။ ထိုမဟာဗောဓိပင်သည် ဘုရားရှင်၏ ဖွားဖက်တော် ခုနှစ်ဦးတွင် တဦးအပါအ၀င် ဖြစ်သည့်အပြင် ဗောဓိဉာဏ်ကို ရရှိရန် အားထုတ်တော်မူရာ၌ အသုံးပြုတော်မူသော အပင်ဖြစ်၍ ပရိဘောဂစေတီလည်း ထိုက်ပါတယ်။ထို့ ကြောင် ဗုဒ္ဓဘာသာဝင်တို့ သည် ထိုဗောဓိပင်မှ ပင်ပွားများကို ယူ၍ စိုက်ပျိုးကြကာ အထွဋ်အမြတ်ထားလေ့ရှိကြသည်...။

ဤသို့ဖြင့် ဘုရားအလောင်းတော် ဗျာဒိတ်တော်ခံယူခြင်း၊ ဖွားမြင်တော်မူလာခြင်း၊ မဟာဗောဓိပင် ပါက်တော်မူခြင်း၊ ဘုရားဖြစ်တော်မူခြင်း တို့သည် ကဆုန်လပြည့်နေ့များပင် ဖြစ်တော်မူခဲ့ပါတယ်။ ထို့ပြင်ကဆုန် လပြည့်နေ့မှာပင် ဘုရားရှင် ပရိနိဗ္ဗာန် စံဝင်တော် မူခဲ့သောကြောင့် ကဆုန်လပြည့်နေ့ကို ဗုဒ္ဓနေ့ ဟု ရှေးပညာရှိတို့က ခေါ်ဝေါ်သတ်မှတ်ခဲ့ကြပါသည်.....။
 စုဆောင်းရှာဖွေ့တွေရှိသမျှ တင်ပြအပ်ပါတယ် ။အမှားရှိက သည်းခံခွင့်လွှတ်ပေးကြပါခဗျ။(မင်းလှသားလေး)



| |