သီတဂူစတား၏ပြင်ဦးလွင်အမှတ်တရ
မဟာနန္ဒမုလှိုဏ်ဂူ (၁၉၉၀) တည်ဆောက်
စာရေးသူ၏ ၂၀နှစ်မြောက် မေမြို့ခရီးနှစ် ၂၀ ကြာမှ တစ်ကြိမ် ပြန်ရောက်ခွင့်ရသော စာရေးသူ၏ မေမြို့ခရီးဖြစ်သည်။ ထို့နေ့က ဟောပြောပွဲများကို ကိုယ်တိုင်မတက်နိုင်ခဲ့။ တက်ရောက်ခဲ့သူ သီတင်းသုံးဖော်များအား မေးမြန်းခဲ့ရပါသည်။ မနက်စောစောကတည်းက စာရေးသူ၏ ညီမများက မေမြို့ကို လိုက်ပို့ချင်ပါတယ်ဘုရားတဲ့ စာရေးသူလည်း လွန်ခဲ့တဲ့ ၂၀နှစ်လောက်ဝန်းကျင်က တစ်ခေါက်သာ ရောက်ခဲ့ဖူးသော မေမြို့ကို ရောက်ချင်နေသည်မှာ ကြာပြီ။ မန္တလေးတက္ကသိုလ်၏ အနီး ချောကလျာ အမျိုးသမီးဘောဒါဆောင်၊ လကမ္ဘာစတိုးနှင့် sky blue အင်တာနက်ကဖေး ပိုင်ရှင် မိသားစုတို့က စပွန်ဆာပေးသဖြင့် ကျေးဇူးအထူးတင်ရပါသည်။ ဒါ့ပြင် သူ၏ သူငယ်ချင်းတစ်ယောက်လဲဖြစ် စာရေးသူ၏ ညီမတစ်ယောက်လို ခင်ရသည့် သူတစ်ယောက်လဲ ပါလာသည်။ သူတို့တတွေအားလုံးသည် စာရေးသူ၏ ညီအကို မောင်နှမအရင်းတွေလို ဖြစ်ကြသည်။ သူတို့တစ်တွေသည် လူငယ်များဖြစ်ကြပေမဲ့ စေတနာကောင်းကြသည်၊ ဘာသာတရား ကိုင်းရှိုင်းကြပုံရသည်၊ ဘုန်းကြီးရဟန်းအပေါ် ကြည်ညိုတတ်ကြသည်။ ဘုန်းကြီးရဟန်းတွေကို ဤကဲ့သို့ ဘုရားဖူး လိုက်ပို့ပေးနေရတာကို ပျော်တတ်ကြသည်၊ စာရေးသူအားလဲ သွားချင်သည့်နေရာပြောပါ လိုက်ပို့ပေးမည်ဟု ဖိတ်မန်ထားသည်။ စာရေးသူအပေါ် ဂရုစိုက်လွန်းတော့ အားတောင် နာနေရသည်။ ပိတ်ချင်းမြောင်ဈေးတန်း ရောက်တုန်းအမှတ်တရ သူတို့မသိအောင် မေမြို့ မက်မန်းသီးထုပ်ကလေး ၀ယ်မယ်လုပ်နေတုန်း နောက်ကနေ ပိုက်ဆံ လာရှင်းပေးသွားသည်။ နောက်တော့ ၀ယ်ဖို့ နေနေသာသာ ဈေးတောင် မမေးရဲတော့ဘူး၊ ဈေးဆိုင်နားလဲ မသွားရဲတော့ဘူး။
မေမြို့ခေါ် ယခု ပြင်ဦးလွင်မြို့သည် စာရေးသူတို့ လွန်ခဲ့သည် ၂၀နှစ်က ရောက်တဲ့အချိန်နှင့် လုံးဝ ခြားနားသွားသည်။ တောင်ပေါ်တက်လမ်းက အစ ကွာသွားသည်။ အသွားလမ်း အပြန်လမ်းများ ဖြစ်သည်၊ လမ်းများလဲ ကောင်းမွန်သဖြင့် စိတ်ချရသည်၊ မန္တလေးမြို့ထဲမှ မေမြို့ထဲအထိ တစ်နာရီပဲ ကားမောင်းရသည်။ ကားသမား၏ ကျွမ်းကျင်မှုလည်းပါသည်။ မြို့ကြီးကလဲ တဖြည်းဖြည်း ကျယ်ဝန်းလာသည်။ ပိတ်ချင်းမြောင် မဟာနန္ဒမူလှိုဏ်ဂူ (၁၉၉၀)နှင့် မဟာအံ့ထူးရှင်ခေါ် ပြည်ချစ်ဘုရားကြီးလည်း ပေါ်ပေါက်လာသဖြင့် လည်စရာပက်စရာ တိုးလာသည်။ အမျိုးသား ဥယျာဉ်ကြီးကလည်း သိပ်လှသည်။ ရောင်စုံပန်းများဖြင့် ခြယ်မှုံးထားသည်၊ ပန်းချီကားချပ်ကြီးအလား အလှကြွယ်နေသည်ကား ပန်းမြို့တော်ဟု ခေါ်ရလောက်အောင်ကို ၀ံ့ကြွားနေသည်။ ဒေသစုံမှ လူမျိုးစုံ ရွယ်မျိုးစုံတွေ ပျော်မြူးနေကြသည်မှာလည်း ကြည်နူးစရာ။ တပေါင်းလပြည့်နေ့လည်းဖြစ် စနေနေ့လည်းဆိုတော့ ပိုစည်ကားသည်ဟု ထင်ပါသည်။ ရာသီဥတုသည်လည်း ပြောင်းသွားသည်။ မေမြို့သည် နွေရာသီမှာတောင် အေးစိမ့်တဲ့နေရာသည် ယခုတပါင်းလပြည့်နေ့သည် အအေးဓာတ် ရှိတယ်ဆိုရုံလောက်သာဖြစ်တော့သည်။ နေလို့တော့ ကောင်းသည်၊ Fresh air လေကောင်းလေသန့်ရသည်၊ သစ်တော သစ်ပင်ရနံ့တို့ဖြင့် တော်ပျော် တောသား စာရေးသူအဖို့ မွေ့လျော်ဖွယ် မြို့ကလေးဖြစ်သည်။
မေမြို့သွားရန် ညီ,ညီမတစ်တွေ စစ်ကိုင်းကို လာပင့်ကြသည်၊ မနက် ၇ နာရီကျော်နေပြီ၊ မန္တလေး Oriental House မှ နံက်စာကပ်ကြသည်။ ထိုဆိုင်မှာလည်း လပြည့်နေ့ စနေနေ့ဆိုတော့ အလှူမင်္ဂလာပွဲ၏ ပရိသတ်တွေ စားသုံးသူတွေနဲ့ ပြည့်နေသည်၊ နေရာရဖို့ စောင့်ဆိုင်းနေရသေးသည်။ စကားမဆက်ကြားညှပ်ပြီး ကြွားလိုက်ဦးမယ၊် ရန်ကုန်မှာရှိသော Oriental House ကိုတော့ မကြာမကြာရောက်ခဲ့ဖူးသည်။ မန္တလေးကိုတော့ မထမဆုံးဖြစ်သည်၊ ဆိုင်ကလဲ ရန်ကုန်ကဆိုင်ထက် ကြီးသည်။ မနက် ၉ နာရီကျော်မှ မန္တလေးက စတင်ထွက်ဖြစ်သည်။ ရှေးဦးစွာ မဟာအံ့ထူးကံသာဘုရား ၀င်ဖူးကြသည်။ နေ့လည် ၁၁-၃၀ ရောက်တော့ ညီမများ စားနေကျ တရုပ်စားသောက်ဆိုင်မှာ နေ့စာ ကပ်သည်။ မဟာအံ့ထူးကံသာဘုရားကနေ ပိတ်ချင်းမြောင်ကို တိုက်ရိုက်မသွားဘဲ မြို့ထဲပြန်လည့်သည်၊ နေ့လည်စာကို စားသောက်ဆိုင်ကောင်းကောင်းမှာ ကပ်ချင်လို့ မြို့ထဲကို ပြန်မောင်းလာသည်ဟု ညီမဖြစ်သူက ပြောသည်။ ထိုမှ ပိတ်ချင်းမြောင်၊ ပွဲကောက်ရေတံခွန်နှင့် နောက်ဆုံး ကံတော်ကြီးထဲသို့ဝင်ကာ ပြန်ဆင်းခဲ့ကြသည်။
ပိတ်ချင်းမြောင်လှိုဏ်ဂူ
ပိတ်ချင်းမြောင်လှိုဏ်ဂူကြီးကိုတော့ သဘောကျခဲ့သည်။ ထိုလှိုဏ်သည် ၀က်ဝံကျေးရွာ တောင်ပေါ်ကနေ အောက်တဖြည်းဖြည်းဆင်းသက်သွားရသည်၊ ဒယ်အိုးအလား တဖြည်းဖြည်း ချိုင့်ဝင်သွားရာ အောက်ဆုံးနေရာတွင် လှိုဏ်ကြီးဖြစ်နေသည်၊ သဘာဝလှိုဏ်ကြီးဟု ထင်ပါသည်။ လှိုဏ်ကြီးအတွင်း ၁၂လရာသီ ရေများ စမ်းရေများ စိမ့် စီးဆင်းနေသည်မှာ တဝေါဝေါနဲ့ မိုးရွားနေသည်ဟု ထင်ရသည်။ လပြည့်နေ့လည်းဖြစ် စနေနေ့နဲ့လည်းကြုံနေသဖြင့် ဘုရားဖူးများ ဖြင့်စည်ကားလျက်ရှိသည်။ သွားရင်း ဂရုပြုမိသည့်တစ်ခုက ခရီးသွားအများစုသည် Light Track ကားလေးများဖြင့် အဖွဲ့လိုက် မိသားစုလိုက်သွားနေကြသည်ကို တွေ့ရသည်။ စာရေးသူတို့လည်း ထိုကားအမျိုးစားပင်ဖြစ်သည်။ နေရာတိုင်းမှာ ထိုကားလေးတွေ တွေ့နေရသည်။ မကွေး ရွှေစက်တော်ရောက်တော့လည်း ထိုကားအမျိုးအစား အသုံးများနေတာကို တွေ့ရသည်။ ဘုရား၊ ပန်းခြံများ၌ ထိုကားလေးများ စုပြုံရပ်ထားသည်ကို တွေ့ရသည်။ အများစုက ထိုကားဖြင့် carry လုပ်နေသည်ဟုလည်း သိရသည်။
နောက်နေ့တော့ တစ်ရက် အနားယူပြီး ရန်ကုန်ကို ဆင်းခဲ့ကြသည်။ ရန်ကုန်အပြန်မှာလဲ စာရေးသူရဲ့ ပညာရေးမွေးဖွားခဲ့ရာ ဦးပိန်တံတားနှင့် နေပြည်တော်မှာ ၀င်ခဲ့သဖြင့် ရန်ကုန်မြို့သို့ ည-၉ နာရီလောက်မှ ရောက်ကြသည်။
ဤကား စာရေးသူ၏ ဒေသန္တရဗဟုသုတ ဒိုင်ယာရီမျှသာ ဖြစ်ပါသဖြင့် စာရေးသူအတွက် မှတ်စုဖြစ်ပါသည်။
မေမြို့ခရီးအတွက် စပွန်ဆာပေးသော မိသားစု သူငယ်ချင်းတစ်စုအား အထူးကျေးဇူးတင်ရှိပါသည်။
ရွှင်လန်းချမ်းမြေ့ပါစေ
သီတဂူစတား
၁-၄-၂၀၁၁
0 Response to "သီတဂူစတား၏ပြင်ဦးလွင်အမှတ်တရ"
Post a Comment