မိဘကျေးဇူးကိုမပြစ်မှားမိပါစေနဲ့...

မိဘကျေးဇူးကိုမပြစ်မှားမိပါစေနဲ့...
          ကျွန်တော်တို့ဗုဒ္ဓဘာသာဝင် မြန်မာလူမျိုးတို့မှာ မပြစ်မှားအပ်သော ခင်ပွန်းကြီး(၁၀) ပါးဆိုတာရှိပါတယ်။အကယ်၍ ပြစ်မှားမိပါက
ဒဏ်ဆယ်ပါး သင့်ကြောင်းကိုလည်း မြတ်စွာဘုရားဟောကြားတော်မူခဲ့သည့် တရားတော်များမှာ နာကြားဖူးပါတယ်။ မြတ်စွာဘုရားကို ပြစ်မှားမိတဲ့ဒေ၀ဒတ်ဟာ အ၀ီစိငရဲမှာ ကမ္ဘာတစ်သိန်း ခံခဲ့ရတယ် ဆိုတာကိုလည်း မှတ်သားခဲ့ရပါတယ်။ကျေးဇူးရှင် စစ်ကိုင်းခင်မကန်ဆရာတော် ဟောကြားတော် မူသည့် ခင်ပွန်းကြီးဆယ်ပါး တရားတော်မှာတော့ "ဗုဒ္ဓေါ၊ ပစ္စေကဗုဒ္ဓေါစ၊သာဝက၊ အဂ္ဂသာဝက၊ မာတာ၊ပိတု၊ ဂုရ၊ုသတ္ထာ၊ ဒါယိကာ၊ဓမ္မဒေသနာ"ဆိုတဲ့အလင်္ကာလေးကို ကြားနာမှတ်သားရပါတယ်။
          အခုကျွန်တော်ပြောချင်တဲ့အကြောင်းလေးက ခင်ပွန်းကြီး(၁၀) ပါးထဲမှာ တစ်ပါးအပါအ၀င်ဖြစ်တဲ့ မွေးမိခင်ကို ၀စီကံ(နှုတ်အားဖြင့်)ပြစ်မှားမိပြီးဖြစ်ခဲ့ရသေးအဖြစ်အပျက်ကလေးဖြစ်ပါသည်။
 ကျွန်တော်တို့နေတဲ့အဆောင်မှာ ဒေး တက်တဲ့ကျောင်းသားရယ် Distance တက်တဲ့ကျောင်းသားရယ်ဆိုပြီး ရှိပါတယ်။ ဒေး ကျောင်းသားတွေကတော့ ကျောင်းစဖွင့်ချိန်ကတည်းက တက်ရတာဆိုတော့ အဆောင်မှာနေရချိန် ပိုများပါတယ်။ အဝေးသင်ကျောင်းသား တွေကတော့ စာမေးပွဲနီးမှ လာတက်ကြရတာ ဆိုတော့ အဆောင်မှာနေရချိန်နည်းပါတယ်။ တစ်နေ့ ကျွန်တော်တို့အဆောင်ကို အဝေးသင်ကျောင်သား အသစ်တစ်ယောက် ရောက်လာပါတယ်။ အရင်ရောက်နေသူများထဲမှာ အဝေးသင်ဒုတိယနှစ် တတိယနှစ် စသည့်ကျောင်းသားဟောင်း များလည်းရှိပါတယ်။ ကျောင်းသားသစ်ဆိုတော့လည် မိဘအုပ်ထိန်းသူ ကိုယ်တိုင်လာရောက် အပ်နှံပါတယ်။ အဲ့ဒီကျောင်းသားကိုတော့ မိဘနှစ်ပါးစလုံး ကားနဲ့လိုက်ပို့ပါသည်။ အတော်အသင့်ငွေးကြေးတတ်နိုင်တဲ့ မိသားစုဖြစ်ဟန်တူပါသည်။ မိခင်ဖြစ်သူက သားဖြစ်သူအတွက် လိုအပ်သည်များကို လုပ်ပေးနေရင်း ပါးစပ်ကလည်းတဖွဖွ မှာကြားနေပါသည်။ ကျန်းမာရေးဂရုစိုက်ဖို့၊အစားအသောက်ကို အချိန်မှန်မှန်စားဖို့၊ စာကိုလည်းဂရုစိုက်ဖို့၊ စသည့်များစွာသောမှာကြားချက်တွေကို မှာကြားရင်း သားဖြစ်သူအတွက် အိပ်ယာခင်းပေး၊ ခြင်ထောင်ပါ ထောင်ပေးခဲ့သည်။ ကျွန်တော်လည်း သူတို့သားအမိကိုကြည့်ပြီး အမေပြောခဲ့ဘူးတဲ့ စကားလေးကိုကြားယောင်မိပါသည်။ မိဘတွေရဲ့မျက်စိထဲမှာ ကိုယ့်သားသမီးကို အမြဲတမ်းကလေးလေးတွေလို့ပဲ မြင်တယ်ဆိုတဲ့ စကားအဓိပ္ပာယ်ကို သူတို့သားအမိနှစ်ယောက် ရဲ့ပြုမူပုံလေးတွေက သက်သေထူနေပါသည်။ သားဖြစ်သူ တက္ကသိုလ်ကျောင်းသားကြီးကို မိခင်ဖြစ်သူက ကလေးလေးတစ်ယောက်ပမာ မျက်ရည်တွေဝေရင်း စိတ်မချစွာနဲ့ မှာကြားနေပုံတွေက အနီးရှိကျွန်တော်သည်ပင် စိတ်မကောင်းဖြစ်မိသည်။သူ့သားကိုတစ်ယောက်ထဲ ထားခဲ့ရမှာစိတ်မချ ဖြစ်နေပုံရသည်။
          ထိုသားအမိတွေ မှာကြားပြောဆိုနေစဉ်မှာပဲ အပေါ်ထပ်ဆီမှ အရင်ရောက်နေသော အဝေးသင်ကျောင်းသားတစ်ယောက်က အောက်ထပ်ကိုဆင်းလာပါသည်။ မိခင်ဖြစ်သူက သားဖြစ်သူအတွက် လုပ်ပေးနေတာလေးတွေကို မြင်တော့ ထိုကျောင်းသားက ကျွန်တော်နားကပ်လာပြီး ကျွန်တော်တို့အမေနဲ့များကွာပါ့ဗျာ ဆိုတဲ့စကားလေး တစ်ခွန်းပြောပြီး အပြင်ကိုထွက်သွားပါသည်။ သူ့စိတ်ထဲမှာ သူများမိဘတွေ တယုတယ လုပ်ပေးနေတာကို မြင်လိုက်တော့ သူ့အမေဆိုရင် သူ့ကိုဒီလိုလုပ်မပေးဘူးဆိုတဲ့ အထင်မျိုး ထင်သွားဟန်တူပါသည်။ ကျွန်တော်လည်း ဘာမှပြန်မပြောဘဲ နေလိုက်ပါသည်။ ကျောင်းသားသစ်နဲ့ သူ့အမေလည်း လိုအပ်တာတွေပြင်ဆင်လို့ ပြီးသွားတော့ ကျွန်တော်လည်း သူတို့သားအမိနားသွားပြီး နှုတ်ဆက်ရင်း သားဖြစ်သူကိုစိတ်ချစွာထားခဲ့ဖို့ လိုအပ်သည့်များကိုလည်း ကူညီပေးပါမည့်ကြောင်းပြောပြတော့မှ အနည်းငယ်စိတ်ချသွားဟန်ဖြင့် ပြန်သွားပါသည်။ သူ့အမေပြန်တော့မှ ကျောင်းသားသစ်က သူ့မိခင်က သူ့ကိုအလွန်ချစ်ကြောင်း၊ သူတို့မိသားစုမှာ မောင်နှမနှစ်ယောက်ရှိကြောင်း၊ ညီမဖြစ်သူကိုအဖေကအရမ်းချစ်ကြောင်း စသည့်သူတို့မိသားစု အကြောင်းကို ပြောပြပါသည်။ အိမ်မှာဆိုရင် သူ့မိခင်က ဒီအရွယ်အထိ ထမင်းခွန့်ကျွေးကြောင်းလည်းပြောပြပါသည်။ သားသမီးကို ချစ်တဲ့မိဘတို့၏ အဖိုးမဖြတ်နိုင်လောက်တဲ့ ကျေးဇူးတရားတွေမဟုတ်ပါလား။
          ကျွန်တော်တို့စကားပြောပြီး ခဏကြာတော့ အစောက စကားပြောပြီးထွက်သွားသော ညီလေးက မျက်နှာမှာပတ်တီးတွေ အပြည့်နဲ့ ပြန်ရောက်လာသည်။ ကျွန်တော်ကိုယ်တိုင် မယုံနိုင်လောက်အောင်ဖြစ်သွားသည်။ ကျွန်တော်အပေါ်ထပ်ကို တက်သွားတော့ အစောကပြောသွားတဲ့ ညီလေးမျက်နှာတစ်ခုလုံးမှာ အပေါ်ယံအရေတွေအကုန်လုံးနီးပါး ကျွတ်ကုန်တာကို စိတ်မကောင်းစွာမြင်လိုက်ရသည်။ ကျွန်တော်က အကြောင်းစုံကိုမေးကြည့်တော့ ညနေပိုင်းက အဆောင်ကမီးစက်ကိုသူနှိုး ထားခဲ့ကြောင်း၊ အရင်နေ့တွေမှာလည်း သူပဲအမြဲတမ်း မီးစက်နှိုးနေကြမို့ သိပ်တော့အထူးအဆန်းမဟုတ်သလိုထင်မိသည်။ အဆောင်ကမီးစက်သည် ရေတိုင်ဂီက စက်မှာပါတဲ့ရေတိုင်ဂီကိုပဲ မနှိုးခင်ရေအပြည့်ဖြည့်သုံးရသည်။ မီးစက်မနှိုးခင် ရေတို့ဆီတို့ကို အရင်ဆုံး စစ်ဆေးပြီးမှ နှိုးနေကြဆိုတော့ စက်အကြောင်းကိုလည်း ဒီညီလေး ကောင်းကောင်းသိပါသည်။ ကျွန်တော်တို့တွေ တစ်ခါတလေ မီးစက်နှိုးမယ်ဆိုရင်တောင် သူကအမြဲတမ်း သတိပေးနေကြ။ အဲ့ဒီနေ့ကတော့ မီးစက်မနှိုးခင် ဆီကိုတော့စစ်မိပြီးရေရှိမရှိကြည့်ဖို့မေ့သွားသည်ဟု ပြောပါသည်။ ကျွန်တော့်နားလာ စကားလေးပြောပြီးအပြင်ထွက်မှ ရေရှိမရှိ မကြည့်မိတာကို သတိရသည်ဟုဆိုသည်။ အဲ့ဒါနဲ့ မီးစက်ရှိရာသွားပြီး စက်လည်နေတုန်း မီးစက်ရေတိုင်ဂီအဖုံးကိုဖွင့်ကြည့်မိသည်ဟုပြောပြပါသည်။ မီးစက်ကလည်း လည်ထားတဲ့အချိန်နဲ့ တိုင်ဂီထဲမှရေကလည်း ဆူပွက်ပြီး အငွေ့တွေဖြစ်နေတဲ့အချိန်မှာ သူကသွားပြီးဖွင့်လိုက်တော့ ရေနွေးငွေ့က အားနဲ့ကန်ထွက်ပြီး သူ့မျက်နှာကို ရေနွေးငွေ့လောင်သွားပါသည်။မျက်နှာပေါ်ကအရေခွံတွေခွာပစ်သလို မျက်နှာတစ်ခုလုံး ဖြူးဖွေးဖွေးအဆီပြင်ကြီးသာ ကျန်ခဲ့တော့သည်။ မျက်စိနှစ်ဖက်မှာ ကံကောင်းလို့ မကန်းသွားခြင်းဖြစ်သည်း
          လူတစ်ကိုယ်လုံးမှာ မျက်နှာပေါ်ကအသားအရေဟာ နူးညံ့သလို အထွတ်အထိပ်ထားရာ နေရာလည်းဖြစ်တော့ အဲ့ဒီညီလေးအတွက် ကျွန်တော်စိတ်မကောင်းဖြစ်မိသည်။ သူ့မျက်နှာလေး မိမွေးတိုင်းဖမွေးတိုင်း ပြန်ဖြစ်ပါစေလို့လည်း ဆုတောင်းပေးနေမိသည်။
နောက်ရက်တွေမှာ သူ့မျက်နှာက အနာတွေကို ဆေးထည့်ပေးနေရင်း သူပြောခဲ့တဲ့စကားလေးကို မှတ်မိသလားလို့ ကျွန်တော်မေးကြည့်မိသည်။
အဲ့ဒီညီလေးကလည် ချက်ချင်းပင်ဖြေသည်။ကျွန်တော်မှတ်မိပါတယ်အကိုတဲ့။မျက်နှာကိုရေနွေးငွေ့ လောင်လိုက်ကတည်းက ငါတော့အမေ့ကို ၀စီကံ နဲ့ပြစ်မှားမိလိုက်ပြီဆိုတာကို ချက်ချင်းသိလိုက်ပါတယ်အကိုတဲ့။အကြောင်းအကျိုးတိုက်ဆိုင်တယ်လို့ပဲပြောရမလား သူမထင်မှတ်ဘဲပြောလိုက်တဲ့ စကားလေးတစ်ခွန်းကပဲ သူ့ကိုနောက်မပြောရဲအောင် သင်ခန်းစာပေးလိုက်သလားဆိုတာကိုတော့ မည်သူမျှအတတ်ပြောနိုင်မည်မဟုတ်ပါ။
          ဒီလိုနဲ့နောက်နေ့များမှာလည်း သူ့မျက်နှာပေါ်ကအနာတွေကို ဖန်းဆေးခြင်း၊ဆေးထည့်ပေးခြင်း စတာတွေကို ကျောင်းသားအချင်းချင်း ကူညီပြုစုပေးရင်း မိဘကျေးဇူးကို ဘယ်သောအခါမှမပြစ်မှားမိဖို့ကိုလည်း ပြောပြမိသည်။မိဘတိုင်းဟာ ဆင်းရဲသည်ဖြစ်စေ ချမ်းသာသည်ဖြစ်စေ သားသမီးတွေအပေါ်မှာ ထားတဲ့စေတနာ၊မေတ္တာတရားကတော့ အတူတူပင်ဖြစ်ပါသည်။ ကျွန်တော်လည်း ဒီအဖြစ်အပျက်လေးကို သင်ခန်းစာယူပြီး မိဘကျေးဇူးကို မပြစ်မှားမိအောင် နေထိုင်မည်ဟုဆုံးဖြတ်မိသည်။ ကျွန်တော်တို့စာမေးပွဲတွေ ဖြေပြီးလို့ အိမ်ပြန်ခါနီးတော့ အဲ့ဒီညီလေးရဲ့မျက်နှာပေါ်ကအနာတွေလည်း အသားနုတက်စပြုပြီ။ တစ်ချိုနေရာတွေက ပျောက်ကင်းစပြုပြီ။ ကျွန်တော်လည်း ကိုယ်တတ်နိုင်သလောက် ဆေးလိမ်းဆေးထည့်စတာတွေကို ကူညီပြုစုရင်းသူ့မျက်နှာလေးနဂိုအသားအရေ အတိုင်းပြန်ဖြစ်ပြီး သူ့မိခင်အိမ်ကို ပျော်ရွှင်စွာပြန်နိုင်ပါစေဟု တောင်းဆုတွေအကြေိမ်ကြိမ်ခြွေရင်း...သားအပြန်ကိုမျှော်နေရှာမည့် ကျွန်တော့်အမေရှိရာ ရွာလေးဆီသို့ အားလုံးကို နှုတ်ဆက်ပြီး ပြန်လာခဲ့ပါသည်။

(မိတ္ထီလာ တက္ကသိုလ်မှာ ကျောင်းတက်ခဲ့စဉ်က ကြုံတွေခဲ့ရသော အဖြစ်အပျက်လေးကို ကျွန်တော်နားလည်သလို ပြန်လည်ရေးသားတင်ပြထားခြင်းဖြစ်ပါသည်။ စာဖတ်သူများလည်း ဒီအကြောင်းအရာလေးကို ဖတ်ပြီး သင်ခန်းစာယူနိုင်ကြပါစေ။)
                                                                            
                                                                                                မျိုးခန့်(စကားဝါမြေ)
     (ယခုစာမူပေးပို့သော ကိုမျိုးခန့်(စကားဝါမြေ)အားအထူးကျေးဇူးတင်ပါတယ်ခဗျား)                      
         သူတပါးရဲ့အတွေ့အကြုံကိုသာဓကယူပြီအမှားမပြုလုပ်ကြရန်အသိပေးလိုက်ပါတယ်။                 
              ကိုယ်စိတ်နှဖြာကျန်းမာချမ်းသာကြပါစေ။(မင်းလှသားလေး)

0 Response to "မိဘကျေးဇူးကိုမပြစ်မှားမိပါစေနဲ့..."

Post a Comment

| |