ပဋိသန္ဓေတားခြင်း၊ ကိုယ်ဝန်ဖျက်ချခြင်းနှင့် ကိုယ့်ကိုယ်ကို သတ်သေခြင်း

 ယောကျာ်းမှာ မိသားစု စီမံချက်ကို မိမိတို့ရဲ့ အဆင်ပြေမှုအရ လွတ်လပ်စွာ ပြုလုပ်နိုင်သော်လည်း ကိုယ်ဝန် ဖျက်ချခြင်းကတော့ တရားမဝင်ပါဘူး။

ဗုဒ္ဓဘာသာဝင်တွေအနေနဲ့ ပဋိသန္ဓေ တားဆီး ထိန်းချုပ်ခြင်းကို ဆန့်ကျင်ရန် အကြောင်း ယုတ္တိ မရှိပါ။ မိမိတို့ သဘော ဆန္ဒအလျောက် အိမ်ထောင်ရှင်များ အနေနဲ့ ရှေးကျတဲ့ နည်းတွေနဲ့ပဲ ဖြစ်ဖြစ်၊ ခေတ်သစ် တားဆေးတွေနဲ့ပဲ ဖြစ်ဖြစ် ပဋိသန္ဓေ မရအောင် တားဆီးလိုက လွတ်လပ်စွာဆားဆီးနိုင်ပါတယ်။ တချို့ ပဋိသန္ဓေ တားဆီးခြင်းကိစ္စကို ကန့်ကွက်သူများ ပြောကြတာက ဒါဟာ ဘုရား သခင်ရဲ့ အလိုတော်ကို ဆန့်ကျင်တာ ဖြစ်တယ်ဆိုပြီး ကန့်ကွက်ကြတာပါ။ သူတို့အနေနဲ့ သတိပြုသင့်တာက ပဋိသန္ဓေ ကိစ္စကို သူတို့ ပြတဲ့ အကြောင်းပြချက်ဟာ သဘာဝယုတ္တိ၊ အာဂမယုတ္တိ မရှိဘူး ဆိုတာပါ။ ပဋိသန္ဓေ တားဆီး ထိန်းချုပ်ရေးကိစ္စမှာ ပြုလုပ်ကြတာက နောက် ဖြစ်တည်လာမည့် သတ္တဝါကို လူ ဖြစ်မလာမီ တားဆီးထားတာပဲဟာ။ ဒါဟာဖြစ်လာပြီးတဲ့ သတ္တဝါကို သတ်ဖြတ်တာမှ မဟုတ်ဘဲနဲ့။ ဒါ့ကြောင့် ပဋိသေန္ဓ မဖြစ်ခင် တားတာဟာ အကုသိုလ် အလုပ်လည်း မဟုတ်ပါဘူး။ ဒါပေမဲ့ ပဋိသန္ဓေရပြီသား သန္ဓေသားကို ကိုယ်ဝန် ဖျက်ချတာကတော့ မကောင်းတဲ့ အကုသိုလ်အမှု ဖြစ်ပါတယ်။ ဒါဟာ မှားယွင်းတဲ့ အလုပ်ပါ။ ဘာဖြစ်လို့လဲဆိုတော့ ကိုယ်ဝန် ဖျက်ချခြင်းဟာ ရှင်သန်ပြီး သတ္တဝါကို သတ်ဖြတ်ခြင်း၊ ဖျက်ဆီးခြင်း ဖြစ်လို့ပဲ ဖြစ်တယ်။ ကိုယ်ဝန် ဖျက်ချခြင်းကတော့ တရားမဝင်တဲ့ လုပ်ရပ်ပါ။
မြတ်ဗုဒ္ဓရှင်တော်မြတ်ဘုရား ဟောကြားတော်မူခဲ့တဲ့ ပါဏာတိပါတကံထိုက်တဲ့ အခြေအနေ ငါးမျိုး ရှိပါတယ်။ ဒီငါးမျိုးနဲ့ အကျုံးဝင်ရင် သူ့အသက်ကို သတ်ခြင်း အကုသိုလ်ကံ မြောက်တယ်။ ပါဏာတိပါတကံဖြစ်စေတဲ့ အခြေအနေ ငါးမျိုး ဆိုတာက….
၁ ။ သတ္တဝါ ဖြစ်ဖြင်း
၂။ သက်ရှိသတ္တဝါ ဖြစ်သည်ကို သိခြင်း
၃။ သတ်ဖြတ်လိုသော ရည်ရွယ်ချက် စေတနာ ပါရှိခြင်း
၎။ သတ်ဖြတ်ရန် အားထုတ်မှုရှိခြင်း
၅။ သတ်၍ သေခြင်း တို့ ဖြစ်သည်။
အမျိုးသမီး  တစ်ဦးမှာ ကိုယ်လေးလက်ဝန် ရှိလာပြီဆိုရင် သူမရဲ့ ဗိုက်ထဲမှာ သက်ရှိ ရုပ်ကလေး၊ သတ္တဝါကလေး တစ်ခု ဖြစ်ပေါ်လာပြီး ဖြစ်ပါတယ်။ ဒါဆိုရင်  ပထမချက်ဖြစ်တဲ့ သတ္တဝါဖြစ်ခြင်းဆိုတဲ့ အခြေအနေ ရှိပြီ ဖြစ်ပါတယ်။ တစ်လ နှစ်လ ကြာပြီးနောက် သူမက သူမမှာ ကိုယ်ဝန် ရှိနေပြီဆိုတာကို သိလာတဲ့အခါ သူမ ဗိုက်ထဲမှာ ကလေး ရှိနေပြီကို သိပြီ ဖြစ်တယ်။ ဒါဆို ဒုတိယ အင်္ဂါရပ်နှင့် ပြည့်စုံသွားပြီ ဖြစ်ပါတယ်။ ဒီနောက် အကြောင်းတစ်ခုခုကြောင့် သူမက ဒီကိုယ်ဝန်ကို ဖျက်ချပစ်ချင်လာတယ်ဆိုရင် သူမက  ကလေး ဖျက်ချပေးမည့် လက်သည်ကို ရှာရပါတယ်။ ဒီအလုပ်ကို ဖျက်ချပေးသူက ပြုလုပ်တာနဲ့ တစ်ပြိုင်နက် တတိယနဲ့ စတုတ္ထ အချက်တွေကို ကျူးလွန်ပြီ ဖြစ်ပါတယ်။  နောက်ဆုံး ကိုယ်ဝန် ပျက်ကျပြီး အသက်က ဆုံးရှုံးသွားရင် ပဉ္စမ အချက်ကို ကျူးလွန်မိပြီး လူသတ်မှု ပါဏာတိပါတကံမြောက်သွားပါတော့တယ်။ ဒီလိုဖြစ်ရင် သူ့အသက်ကို သတ်ခြင်း ဆိုတဲ့ ကိစ္စ ပြီးမြောက်သွားပါပြီ။ ဗုဒ္ဓဘာသာအရကတော့ ငါတို့မှာ ကိုယ် မလိုချင်ရင် ကိုယ့် ဗိုက်ထဲက ကိုယ်ဝန်ကို ကိုယ့်ဘာသာကို ဖျက်ချတာပဲ။ ဒါ ကိုယ့်မှာ အခွင့်အရေး ရှိတယ်ဆိုလို့ လုံးဝ မရပါ။ ဗိုက်ထဲက ကိုယ်ဝန်ဟာ ကိုယ့်ရင်သွေး ၊ ကိုယ့် သားသမီး ဖြစ်ပေမဲ့ ကိုယ့်မှာ ဒီကလေးကို သတ်ပိုင်ခွင့် လုံးဝ မရှိပါ။
အချို့သော ပတ်ဝန်းကျင် အခြေအနေအရ အမျိုးသား၊ အမျိုးသမီးတွေရဲ့ ဘဝ အဆင်ပြေရေး အတွက် ဒီလို ကိုယ်ဝန် ဖျက်ချဖို့ လိုလာတယ် ဆိုတာမျိုးကို ခံစားချက် ရှိလာတာမျိုးလည်း ကြုံတက်ပါတယ။် ဒါပေမဲ့ ကိုယ်ဝန် ဖျက်ချတာဟာ မကောင်းမှု အကုသိုလ်ရဲ့ မကောင်းတဲ့ ကံအကျိုးပေးကိုတော့ ပြေးမလွတ်ခံစားရမှာကတော့ သေချာပါတယ်။ ဒီအလုပ်ဟာ တရားသဖြင့် ဖြစ်တယ်ဆိုပြီးတော့ ဘယ်နည်းနဲ့မှ မပြောနိုင်ပါဘူး။ တချို့ နိုင်ငံတွေမှာတော့ ကိုယ်ဝန် ဖျက်ချခြင်းကို ဥပဒေနဲ့ ခွင့်ပြုထားတာ ရှိပါတယ်။ ဒါက ပြဿနာ အချို့ကို ကျော်လွန်နိုင်ဖို့ အတွက် ဥပဒေက ခွင့်ပြုထားရတာ ဖြစ်တယ်။ လူတွေ ပျော်ပါးဖို့အတွက် ဘာသာရေး  အခြေခံမူတွေကိုတာ့ ဘယ်တော့မှ မစွန့်လွှတ်သင့်ပါဘူး။ ဘာသာရေး အခြေခံမူတွေက လူ့ လောကကြီး တစ်ခုလုံး ကောင်းကျိုး ချမ်သာ ခံစားကြရဖို့ ရပ်တည်နေကြတာ ဖြစ်ပါတယ်။

ကိုယ့်ကိုယ်ကိုယ် သတ်သေခြင်း

ဘယ်အခြေအနေမျိုးမှာပဲ ဖြစ်ဖြစ်၊ ကိုယ့်အသက်ကို ကိုယ်သတ်ပြီး သေတာဟာ ကိုယ်ကျင့်သီလ သဘောအရရော၊ ဘာသာရေး သဘောအရရော မှားတဲ့ အလုပ်ဖြစ်တယ်။ စိတ်ပျက်လို့ပဲ ဖြစ်ဖြစ်၊ စိတ် မချမ်းမသာဖြစ်လို့ပဲ ဖြစ်ဖြစ်၊ ကိုယ့်အသက်ကို ကိုယ် သတ်ပြီး သေခြင်းဟာ ပိုပြီး ကြီးမားတဲ့ ဒုက္ခဆင်းရဲကိုသာ ဖြစ်စေနိုင်ပါတယ်။
ကိုယ့်ကိုယ်ကိုယ် သတ်သေတာဟာ ပြဿနာ တစ်ခုကို ရင်မဆိုင်ရဲလို့ သူရဲဘောကြောင်စွာ မိမိဘဝကို အဆုံးစီရင်တာသာ ဖြစ်ပါတယ်။ လူတစ်ယောက်ရဲ့ စိတ်ဟာ ကြည်လင် သန့်ရှင်းနေလို့ရှိရင် ကိုယ့်ကိုယ်ကိုယ် သတ်သေတဲ့ အသေခံပြီးလုပ်တဲ့ အပြစ် ကျူးလွန်မှုမျိုးကို ဘယ်တော့မှ လုပ်ဖြစ်မှာ မဟုတ်ပါဘူး။ စိတ်ရှုပ်ထွေးပြီး ချောက်ချားနေတဲ့ စိတ်နဲ့၊ ဒီလောကကြီးကို စွန့်ခွာသွားရင် သူဟာ နောင်ဘဝမှာ ပဋိသန္ဓေ နေတဲ့အခါ သုဂတိဘုံမှာ ဘယ်နည်းနဲ့မှ ပြန်လည် မွေးဖွားလာနိုင်မှာ မဟုတ်တော့ပါ။ မိမိကိုယ်ကိုယ် အဆုံးစီရင်တဲ့ အလုပ်ဟာ အကုသိုလ် အလုပ်ပါ။ ဘာဖြစ်လို့လဲဆိုတော့ အသေခံပြီး ပြုလုပ်တဲ့ ဒီအလုပ်ကို လုပ်တဲ့ လူရဲ့ စိတ်ထဲမှာ ကြီးမားတဲ့ လောဘ၊ ဒေါသနဲ့ မောဟတရားတွေ ဖုံးလွှမ်းနေပါတယ်။ ကိုယ့်ကိုယ်ကိုယ် သတ်သေသူဟာ ဘဝ ပြဿနာတွေကို ဘယ်လို ဖြေရှင်းရမှန်း မသိဘဲ အခြေရှာမရသူ ဖြစ်တယ်။ ဘဝ အခြေအနေတွေကို ဘယ်လို ရင်ဆိုင်ရမှန်းမသိတဲ့ လူ ဖြစ်တယ်။ မိမိ စိတ်ကို သင့်တင့် လျောက်ပတ်စွာ ဘယ်လို အသုံးချရမှန်း မသိတဲ့ လူ ဖြစ်တယ်။ ဒီလူတွေဟာ ဘဝရဲ့ သဘောသဘာဝ လောကရဲ့ သဘောသဘာဝကို နားမလည်နိုင်သူ ဖြစ်တယ်။
တချို့ လူတွေက သူတို့ အယူ မွန်မြတ်တယ်လို့ ထင်တဲ့ အကြောင်းတွေအတွက် မိမိ အသက်ကို စွန့်လွှတ် အနစ်နာခံတာမျိုးကိုလည်း ပြုလုပ်တက်ကြတယ် ဒီလူတွေဟာ အစာငတ်ခံတာတို့ ၊ အသေခံ ဗုံးခွဲတာတို့၊ မိမိကိုယ် အသက်နဲ့ ယဇ်ပူဇော်တာ၊ ကျည်ဆံနဲ့ ပစ်သတ်တတို့ လုပ်တက်ကြတယ်။ ဒီလို လုပ်ရပ်တွေကို ရဲစွမ်းသတ္တိ ရှိတဲ့ အလုပ် ဆိုပြီးလည်း ယူဆတက်ကြတယ်။ သို့သော် ဒါကို ဗုဒ္ဓဘာသာ ရှုထောင့်က ကြည့်ရင်တော့ ဒီလို အပြုအမူတွေဟာ ကိုယ်ကျင့် သီလ သဘောအရ အပြစ်မကင်းပါဘူး။  ဗုဒ္ဓရှင်တော်မြတ်ဘုရားက ကိုယ့်ကိုယ်ကိုယ် သတ်သေစေတဲ့ စိတ်စေတနာဟာ ပို၍ ဆင်းရဲ ဒုက္ခ ရောက်ဖြင်းသို့သာ ရောက်ရှိစေတယ်လို့ ရှင်းရှင်းလင်းလင်း ဟောကြားတော်မူခဲ့ပါတယ်။

ဆန်းလွင်(ရှင်အာဒိစ္စရံသီ) ၏  ``ဗုဒ္ဓဘာသာဝင်တွေ ယုံကြည်ကြတာက `` စာအုပ်မှ ကောက်နှုတ် ဖော်ပြသည်။

ခင်မင်စွာဖြင့်...
ဇော်သိင်္ခ
  သိသင့်သိထိုက်တာလေးလေ မလွဲမသွေတွေ့ရမှာလေးပို့ကူးယူဖော်ပြထားပါတယ်ဗျာ။(မင်းလှသားလေး)

0 Response to "ပဋိသန္ဓေတားခြင်း၊ ကိုယ်ဝန်ဖျက်ချခြင်းနှင့် ကိုယ့်ကိုယ်ကို သတ်သေခြင်း"

Post a Comment

| |